ဖားကန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တိုက်ပွဲထပ်မံဖြစ်ပွား

ဖားကန်မြို့နယ်၊ ဆိုင်ဖရာကျေးရွာအနောက်ဘက် မနောမှော်ကျေးရွာတွင် ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း ၄၄ တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၁၁၁ တပ်မှ​အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းက ညနေပိုင်း ၃ နာရီခန့်တွင် နန့်ယားကျေးရွာကနေ စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် မနောမှော်ကျေးရွာအနီးမှ ဒညှင်းခြံအရောက်တွင် ကေအိုင်အေတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် နန့်ယားမှ စစ်ကောင်စီတပ်စခန်းက ညနေပိုင်း ၇ နာရီ ၄၀ မိနစ်ခန့်တွင် ၈၀-မမ လက်နက်ကြီးလို့ ခန့်မှန်းရတဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၂ ရက်နေ့က ကားမိုင်းမြို့ကနေ စစ်ကြောင်းထွက်ခွာလာတဲ့ အဖွဲ့ဖြစ်ကြောင်းလည်း သိရပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မှာတော့ ဖားကန့်မြို့ ဂျာရာယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ တပ်ရင်း ၆ မှ​ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်သလို မိုးညှင်းမြို့ မော်ဟန်ကျေးရွာရှိ ရဲစခန်းတစ်ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်လိုက်ကာ လက်နက်အချို့သိမ်းဆည်းနိုင်ခဲ့ပြီး ပူတာအိုမြို့ ဆွမ်ပီယန်တွင်လည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

Leave a Reply

*