ဖားကန့်မြို့ လုံးခင်းကျေးရွာအနီးရှိ မှော်ကျေးရွာများတွင် ယနေ့ မတ်လ ၂၈ ရက် မနက် ၃ နာရီအချိန်ခန့်တွင် ကေအိုင်အေတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ထိုဒေသများက ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၆) နယ်မြေဖြစ်တဲ့ ဥရုဆိုင်းမော်ဇုံနယ်အတွင်းမှာရှိတာဖြစ်ပြီး ဖဝါမှော်၊ မိုးပင်းမှော်၊ ရှအစ်ယန်ကျေးရွာတွေမှာရှိတဲ့ ရဲစခန်းနဲ့ ဆမားမှောရှိ ဦးပိုင်ကုမ္ပဏီကို စောင့်ရှောက်နေတဲ့ ခမရ (၁၁၉) တို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး သိမ်းပိုက်နိုင်ခဲ့တဲ့ နေရာများရှိကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာများက လုံးခင်းကျေးရွာအုပ်စုနဲ့ နီးစပ်တဲ့ မှော် ၄ နေရာမှာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လေယဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်မှုတွေရှိပေမယ့် ပြည်သူများ ထိခိုက်မှုမရှိ တိမ်းရှောင်နိုင်ခဲ့ကြောင်း ကနဦးသိရထားသလို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်အဖွဲ့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖားကန့်မြို့ ရပ်ကွက်များတွင်လည်း လက်နက်များဖြင့် ပစ်ခတ်မှုတွေရှိနေတာကြောင့် ပြည်သူများက စိုးရိမ်နေကြရသလို တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာများမှ ပြည်သူများကလည်း လက်ရှိတွင် လုံးခင်းမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ယမန်နေ့ မတ်လ ၂၇ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ ဖားကန့်မြို့ အေးမြသာယာသပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် မောင်သန်းဇော် ဦးခေါင်းကျည်ထိမှန်ပြီး ပွဲချင်းပြီး ကျဆုံးခဲ့ရတာပါ။
ယခုလို ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား မတ်လ ၁၁ ရက်နေ့မှစတင်ပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။