ဖားကန့် မဒဲန်ယန်တွင် ၂ ရက်ဆက် KIA, KPDF ပူးပေါင်းတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခဲ့

ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

ဖားကန့်မြို့နယ် မဒဲန်ယန် (မှော်ဘုံ) ကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာ ၆ ရက် ညနေပိုင်း ၄ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, KPDF ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

ကေအိုင်အေတပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေထဲရှိတဲ့ မဒဲန်ယန်ကျေးရွာ ဘုန်းကြီးကျောင်းထဲ တပ်စွဲနေရာယူနေတဲ့ အင်အား ၄၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်ကောင်စီတပ်ကို KIA, KPDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ညနေ ၈ နာရီခန့်မှာတော့ နှစ်ဖက် အပြန်အလှန် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုတွေ ထပ်မံရှိခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ဖားကန့်မြို့ပေါ်ရှိ ဗျူဟာကုန်းကနေ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁၂၀-မမ လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာ ပစ်ခတ်မှုများ လုပ်ဆောင်နေခဲ့ပြီး မဇွပ်ယန်အချုပ်ထောင်တွင် တပ်စွဲနေရာယူထားတဲ့ ခလရ ၇၆ တပ်လည်း ၆၀-မမ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် အချို့ကျေးရွာတွင် ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းတွင် မဒဲန်ယန်ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်ကို KIA, KPDF ပူးပေါင်းတပ်မှ ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့စဉ် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မဒဲန်ယန်ဘုန်းကြီးကျောင်းတွင် အရပ်သားများကို ဖမ်းဆီးထိန်းသိမ်းထားမှုတွေလည်း ရှိခဲ့ကာ အများစုကို စစ်ကြောရေးပို့ဆောင်သွားခဲ့ကြောင်း သိရပြီး ဖားကန့်လမ်းပိုင်းရှိ ခွမ်ဆိုင်၊ ဂေါ်လူယန်၊ ခရိုင်ရွန်၊ ဂတ်နွယ်နဲ့ နန့်ယားကျေးရွာရှိ ဒေသခံများကို ပေါ်တာဆွဲ ဖမ်းဆီးထားရာကနေ ယနေ့အချိန်ထိ လွတ်မြောက်ခြင်းမရှိသေးတာကြောင့် မိသားစုဝင်များကလည်း စိုးရိမ်နေကြရပါတယ်။

Leave a Reply

*