ဖားကန့်လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ဆေးမှု ပြင်းထန်နေ

ဖားကန့်မြို့နယ်၊ ကထန်ယန်ကျေးရွာအနီးရှိ လိုင်နောင်ချောင်းတံတားတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ယနေ့ နိုဝင်ဘာ ၃ ရက်နေ့က ဖြတ်သန်းသွားလာတဲ့ ပြည်သူတိုင်းကို ကြမ်းတမ်းစွာ စစ်ဆေးမှုတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

ကားမိုင်း ဗျူဟာကုန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က အင်အား ၂၀ ဖြင့် နိုဝင်ဘာ ၂ ရကနေ့ကတည်းက တံတားပေါ်ကနေ သွားလာသူများရဲ့ ဖုန်းနဲ့ မှတ်ပုံတင်စစ်ဆေးမှုတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

မည်သည့်အကြောင်းရင်းကြောင့် ယခုလို စစ်ဆေးမှု လုပ်ဆောင်နေခြင်းကို မသိရှိရပေမယ့် အဆိုပါအဖွဲ့က မနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲအထိ စစ်ဆေးမှု ပြုလုပ်နေတာဖြစ်ပါတယ်။

ထို့အပြင် ကားမိုင်းမြို့ထဲတွင်လည်း ရံဖန်ရံခါ စစ်ဆေးမှုတွေကို အဆိုပါအဖွဲ့က လုပ်ဆောင်လေ့ရှိခဲ့တာကြောင့် ခရီးသွားပြည်သူများလည်း သတိကြီးစွာ သွားလာကြဖို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအိုင်အေ တပ်မဟာ ၉ နယ်မြေအတွင်းရှိ အနန့ပါ ခရီးတစ်ခေါက်နားရာနေရာကို အရပ်သားပြည်သူများနဲ့ ကေအိုင်အေ အရာရှိများ ၇၀ နီးပါးအသက်ဆုံးရှုံးရတဲ့အထိ လေကြောင်းဖြင့် တိုက်ခိုက်မှုအပြီး ဖားကန့်သွားရာလမ်းတစ်လျှောက်တွင်လည်း ပြင်းထန်စွာ စစ်ဆေးမှု ပြုလုပ်နေခဲ့ပြီး ဆေးဝါးနဲ့ စက်သုံးဆီတင်သွင်းမှုကိုလည်း ကန့်သတ်နေခဲ့တာဖြစ်ပါတယ်။

Leave a Reply

*