ဖားကန့်လမ်းတွင် အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဆက်လက်ဖြစ်ပွား

ဖားကန့်လမ်းပိုင်း ကားမိုင်းမြို့နယ် ကပ်မော်ဇွပ်ကျေးရွာအုပ်စု၊ ခွန်ဆိုင်ကျေးရွာတွင် ယနေ့ ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၄၄) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုအဖွဲ့က ဖားကန့်လမ်းပိုင်းအတိုင်း စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် ကေအိုင်အေတပ်ဖွဲ့မှ ကြားဖြတ်ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ညနေပိုင်း ၄ နာရီအချိန်ထိ ပစ်ခတ်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။

ထိုသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်ကို နန့်ယားတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခလရ (၁၂) မှ လက်နက်ကြီးများဖြင့် ပစ်ကူရာ ပစ်မှတ်မရောက်ပဲ ဆိုင်ဖရာကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

ဖားကန့်လမ်းပိုင်းတွင် ဇူလိုင် ၁၄ ရက်နေ့ကတည်းက နေ့စဉ်နေ့တိုင်း ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ထိုဒေသတဝိုက်ရှိ ကျေးရွာဒေသခံများကလည်း ထွက်ပြေးတိမ်းရှောင်နေကြရမှုတွေလည်း ရှိနေပါတယ်။

ယမန်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်များရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အိမ်မွေးတိရိစ္ဆာန်များ သေဆုံးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၉) တည်ရှိရာ ကွတ်ခိုင်မြို့နယ် မန်ဂျယ်ကျေးရွာအနီးတွင် ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့က ထိုဒေသတဝိုက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

*