ဖားကန့်လမ်းတွင် ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ်တိုက်ပွဲဖြစ်ပွားခဲ့

ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာအထက်ပိုင်း ခွန်ဆိုင်ကျေးရွာနဲ့ ဂေါ်လူယန်ကျေးရွာကြားတွင် ယနေ့ ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၄၄) နဲ့ အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များက ဖားကန့်လမ်းပိုင်းအတိုင်း စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် ကေအိုင်အေမှ ခွန်ဆိုင်ကျေးရွာထိပ် တာဝါတိုင်အနီးတွင် စောင့်ကြိုတိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဂေါ်လူယန်ကျေးရွာအထက် ခရိုင်ရွန်းကျေးရွာတွင် စစ်ကောင်စီတပ်များက ကျေးရွာအနီး တပ်စွဲနေရာယူနေတာကြောင့် ဒေသခံများက စိုးရိမ်ပြီး ဆိုင်းဖရာကျေးရွာ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းဘက် ဇူလိုင် ၁၃ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

နန့်ယားကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့က ကျေးရွာအနီးဘက် ပစ်မှတ်မရှိ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကို အမြဲလိုလိုလုပ်ဆောင်နေတာကြောင့် ဖားကန့်လမ်းပိုင်းရှိ ကျေးရွာများဖြစ်တဲ့ နမ့်ယား၊ ကပ်မှော်ဇွပ်၊ ဆိုင်းဖရာ၊ ဂေါ်လူယန်၊ ခရိုင်ရွန်နဲ့ ဂတ်နွယ်ကျေးရွာရှိ ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်စွာဖြင့် သတိကြီးစွာ နေထိုင်နေကြရပါတယ်။

Leave a Reply

*