ဖားကန့်မှော်အချို့ ကျောက်ရှာဖွေခွင့်ပိတ်ပင်ထား

ဖားကန့်မြို့နယ်၊ ဝှေခါမှော်မှာ လွန်ခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုဖြစ်ရပ်ကြောင့် ထိုအနီးတဝိုက်ရှိ ကုမ္ပဏီများနဲ့ အုပ်ချုပ်ရေးမှူးများမှ လက်ကျင်းတူးဖော်ခြင်း ရေမဆေးရှာဖွေခြင်းများကို ပိတ်ပင်ထားတာကြောင့် ဒေသခံများ အခက်တွေ့နေရပါတယ်။ ယခုလို ပိတ်ပင်မှုများကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေအနေဖြင့် မြေဇာပုံဟောင်းများတွင်သာ ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ဝှေခါဒေသခံတစ်ဦးဖြစ်တဲ့ ဦးအင်ခွန်တန်ဂွန်း ကပြောပါတယ်။

ဝှေခါမှော်မှာ နေထိုင်တဲ့ ဒေသခံတွေနဲ့ ကချင်လူမျိုးအများစုက ကျောက်ရှာဖွေခြင်းကိုသာ အဓိကထား လုပ်ကိုင်စားသောက်နေခြင်းဖြစ်ကာ ယခုလိုဖြစ်ရပ်ဖြင့် အချိန်ကြာမြင့်စွာ ပိတ်ပင်ထားပါက အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပိုမိုခက်ခဲလာမှာ ဖြစ်တယ်လို့ ဆက်ပြောပြပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့လည် ၁၁ နာရီခွဲအချိန်ခန့်ကလည်း ယခင်ဇူလိုင် ၂ ရက်မြေပြိုမှု ဖြစ်ပွားခဲ့တဲ့နေရာအနီးတွင် ပေသုံးထောင်လောက်မြင့်မားတဲ့ မြေဇာပြိုကျမှ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် အနီးတဝိုက်စိုးရိမ်ဖွယ်ရှိနေခြင်းဖြင့် ကျောက်ရှာဖွေခြင်းမပြုလုပ်ဖို့ လုပ်ဆောင်ထားခြင်းဖြစ်ပေမယ့် ဒေသခံတွေအနေဖြင့် စားဝတ်နေရေး ရုန်းကန်နေရခြင်းကြောင့် လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု သတ်မှတ်ပေးကာ ကျောက်ရှာဖွေမှုကို ခွင့်ပြုပေးဖို့ လိုလားနေကြတာပါ။

Leave a Reply

*