ဖားကန့်မြို့နယ်တွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဆက်လက်ဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၂၆) နယ်မြေ Hkwi Lung တွင်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား ယနေ့ဧပြီ ၂၀ ရက်နေ့ မနက် ၃ နာရီအချိန်တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကာ အထိအခိုက်စာရင်းအတိအကျတော့ မသိရှိရသေးပါဘူး။

ပုံဟောင်းသာဖြစ်ပါသည်။

“ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၂၆) ဘက်မှာတော့ မနက် သုံးနာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်၊ တပ်မဟာ (၈) နယ်မြေဘက်မှာတော့ နမ့်ခီးမှာရှိတဲ့ စစ်ကောင်စီတပ် ခမရ (၁၆) နဲ့ မနက် ၂ နာရီလောက်မှာ အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် ကေအိုင်အေနဲ့တော့ တိုက်ပွဲတအားမပြင်းထန်ခဲ့ဘူး” လို့ ရှေ့တန်းစခန်းထံမှ သိရပါတယ်။

ယမန်နေ့ ဧပြီ ၁၉ ရက်နေ့မှာလည်း ကေအိုင်အေ တပ်မဟာ (၉) နယ်မြေ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကံစီးကျေးရွာအနီးရှိ တန်းဂေါ်ဘွမ်တွင် ကေအိုင်အေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအသုံးပြုကာ ဝေဟင်မှ တိုက်ခိုက်မှုတွေ ဗုံးကြဲချမှုတွေပြုလုပ်ခဲ့သလို လက်နက်ကြီးများဖြင့်လည်း ရမ်းသန်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနီးဝန်းကျင်ရှိ ဒေသခံများတိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။

မိုးညှင်းခရိုင် ကေအိုင်အေ တပ်မဟာ (၈) နယ်မြေတွင် ဧပြီ ၁၉ ရက်နေ့က မိုးညှင်းမြို့ကနေ စစ်ကားတစ်စီးဖြင့် စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား နမ့်မားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သလို ဆီဟက်နဲ့ ပန်ခေါင်ယန်ကြားတွင် စစ်ကာင်စီတပ် ခမရ (၃၈၅) နဲ့ ကေအိုင်အေတပ်ရင်း (၅) အဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ယမန်နေ့တွင်ပင် ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၃)ဒေသဖြစ်တဲ့ ဆဒုံမြို့နယ်ရှိ Lagat Kawng တွင် နေ့လည် ၁၁ နာရီအချိန်တွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၃၈၉) ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၆ နာရီခွဲအချိန်မှာတော့ မုံဆဒုံဘွမ်တွင်တပ်စွဲထားတဲ့ အမတ (၃၆၅) တပ်မှ ကေအိုင်အေ တပ်ရင်း (၃) နယ်မြေဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ သျှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် လတ်ကလော ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာခဲ့သလို တဖက်တွင်လည်း မြို့နေပြည်သူများက အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေကလည်း နေ့စဉ်နဲ့အမျှ ချီတက်နေကြပါတယ်။

Leave a Reply

*