ဖားကန့်မြို့တွင် အပြစ်မဲ့ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ ဆက်တိုက်ဖမ်းဆီး

မတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မတ်လ ၁၁ ရက်နေ့တွင်လည်း ဖားပြင်ကျေးရွာတွင် ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူများက ဖားပြင် ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးလုပ်ဆောင်နေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်မှ အိမ်စီးကား ၄ စီးဖြင့် ရောက်လာကာ သေနတ်ပစ်ခြိမ်းခြောက်ပြီး စည်းဝေးနေသူများကို ဖမ်းဆီးရာ ၂ ဦးလွတ်မြောက်ပြီး ဒေသခံ ၄ ဦးကတော့ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသူထဲမှ ၂ ဦးကတော့ သေနတ်ကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိထားတဲ့ အနေအထားဖြင့် ဖမ်းခံလိုက်ရတာကြောင့် မိသားစုဝင်များက စိုးရိမ်နေကြရကြောင်း သိရပါတယ်။

ဖားကန့်ဒေသတွင် ဒေသခံပြည်သူများ ယခုလအစောပိုင်းကစတင်ပြီး နေ့တိုင်းလိုလို အကြောင်းမဲ့ ဖမ်းဆီးခံရမှုတွေ ရှိလာတာကြောင့် ဒေသခံများက သွားလာရေး စိုးရိမ်နေကြရပြီး ယနေ့ မနက်ပိုင်းတွင်လည်း ဆိုင်ကယ်စီးနင်းလာတဲ့ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်သတ်သွားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*