ဖားကန့်မြို့စည်ပင်သာယာဥက္ကဌ ခန့်အပ်ဖို့ ရွေးကောက်ခံများရဲ့ရလဒ်အရ မဲအများဆုံးရရှိထားတဲ့ ဦးရှရော့နော်ဆန့် အစား ကချင်ပြည်နယ်အစိုးရမှ အခြားသောသူနှင့် မတရားနည်းလမ်းဖြင့်လဲလှယ်ထားခြင်းကြောင့် ဖားကန့်မြို့အတွင်းရှိ လူမှုအဖွဲ့အစည်းများကနေပြီး ဖားကန့်ရိုးရာယဉ်ကျေးမှုရုံးတွင် အောက်တိုဘာလ ၁၂ ရက်က အစည်းဝေးပြုလုပ်ပြီး ကချင်ပြည်နယ်အစိုးရထံ ကန့်ကွက်ကြောင်း စာရေးသားပေးပို့ခဲ့ပါတယ်။
ဖားကန့်မြို့စည်ပင်သာယာဥက္ကဌ နေရာအတွက် လျာထားသူရှစ်ဦးကို ကချင်ပြည်နယ်အစိုးရသို့ တင်ပြပြီး ဦးရှရော့နော်ဆန့်က ဖားကန့်မြို့စည်ပင်သာယာဥက္ကဌအဖြစ်
မဲအများဆုံးရရှိပေမယ့် ပြည်နယ်အစိုးရမှ ဖြုတ်ချလိုက်ပြီး မဲရှုံးသွားသော NLDပါတီအဖွဲ့ဝင် ဦးမင်းမင်းစိုး ကို ဥက္ကဋ္ဌအဖြစ်ခန့်အပ်လိုက်သောကြောင့် ဖားကန့်မြို့ နေပြည်သူများအနေဖြင့် ဒီမတရားမှုကို အလိုမရှိဟု ပြည်နယ်အစိုးရထံ ကန့်ကွက်စာတင်သွင်းခဲ့တာဖြစ်ကြောင်း၊ ပြည်နယ်အစိုးရမှယခုလိုလုပ်ဆောင်ခြင်းနဲ့သက်ဆိုင်ပြီး ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ ခေါင်းဆောင် ဦးလမောင်လတောင်ထံမှ သိရှိရပါတယ်။
ဖားကန့်မြို့စည်ပင်သာယာဥက္ကဌရွေးချယ်ရေးနဲ့သက်ဆိုင်ပြီး ဖားကန့်မြို့အတွင်းမှာရှိတဲ့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ကချင်ရိုးရာယဉ်ကျေးမှု၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့၊ ကချင်အနုပညာအဖွဲ့၊ ဌာနေတိုင်းရင်းသားအဖွဲ့၊ Green Land အဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ မြေယာအရေးကိစ္စများကို ကချင်လူမျိုးတွေအားလုံးကိုယ်စား ဖြေရှင်းနိုင်ဖို့ ကော်မတီတစ်ခုကို ဖွဲ့စည်းသွားဖို့ သဘောတူညီထားပြီဖြစ်ကြောင်း ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ အတွင်းရေးမှူး ဆရာဒါ့ရှိနော်လွမ် ကပြောပါတယ်။
ယခုလို ဦးရှရော့နော်ဆန့်ကို မတရားသောနည်းလမ်းဖြင့် လုပ်ဆောင်လိုက်ခြင်းက ကချင်လူမျိုးများကို လူမျိုးကြီးဝါဒစွဲကိုင်ပြီး ဖိနှိပ်ခြင်းဖြစ်တာကြောင့် ကန့်ကွက်မှုတွေလုပ်ဆောင်သွားကြဖို့လိုအပ်ကာ ပြည်သူလူထုအားလုံးပါဝင်သွားဖို့ လိုအပ်တယ်လို့ ဆရာလမောင်လတောင်ကပြောကြားထားပါတယ်။