ဖားကန့်မြို့တောင်ပြိုရပ်ကွက်နဲ့ မိုးကောင်းဆေးရုံတွေမှာ စက်တင်ဘာ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၅ ဦးထပ်မံတွေ့ရှိခဲ့ပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့ရှိသူတွေကတော့ တောင်ပြိုရပ်ကွက်ရှိ (၄) ဦးနဲ့ မိုးကောင်းမြို့ လွယ်လယန်၊ နောင်းပုံကျေးရွာမှ တစ်ဦးတို့ဖြစ်ကြပါတယ်။
လက်ရှိတွင် တောင်ပြိုမှာတော့ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၉ ဦးအထိရှိသွားပြီဖြစ်သလို ပိုးတွေ့ရှိသူတွေနဲ့ ထိစပ်ခဲ့သူများကိုတော့ ကျန်းမာရေးစောင့်ကြည့်ခြင်းများလုပ်ဆောင်နေသလို တောင်ပြိုရပ်ကွက်ကိုလည်း Lockdown ပြုလုပ်ထားပါတယ်။
မိုးကောင်းဆေးရုံရှိ ကိုဗစ်ပိုးတွေ့ရှိသူက ရန်ကုန်တွင်ကျောင်းတက်ပြီး ရွှေပြည်သာမြို့နယ်တွင် နေထိုင်ကာ နေရပ်ပြန်ချိန် စက်တင်ဘာ ၉ ရက်နေ့မှာတော့ ဖျားနာခြင်းဖြစ်လာတာကြောင့် မိုးကောင်းဆေးရုံကြီးတွင် စစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။
“ရန်ကုန်မှာ တက္ကသိုလ်သွားတက်တဲ့ အသက် ၂၀ အရွယ် ဩဂုတ် ၃၁ ရက်နေ့က ရန်ကုန်ကနေပြန်လာပြီးတော့ စက်တင်ဘာ ၂ ရက်နေ့ နေအိမ်ရောက်ပေမယ့် အုပ်ချုပ်ရေးမှူးတွေကို ဘာမှအကြောင်းမပြန်ပဲ နေအိမ်မှာပဲ ခိုအောင်းနေတာ စက်တင်ဘ ၉ ရက်နေ့မှာတော့ နာမကျန်းဖြစ်လာတယ် အနံ့ခံမရတော့ဘူး ခေါင်းကိုက်တာတွေဖြစ်ပြီးတော့ မိုးကောင်းဆေးရုံကြီးကို ရောက်လာပြီးတော့ စစ်ဆေးချိန်မှာ တွေ့ရှိခဲ့တာပါ” လို့ လွယ်လယန်ကျေးရွာ အုပ်ချုပ်ရေးမှာ ဒွမ်ဆဂွမ်ဂျာနော် ကပြောပါတယ်။
ရောဂါပိုးရှိသူရဲ့ မိသားစုနဲ့ တွေ့ဆုံခဲ့သူ ငါးယောက်ကို အသွားအလာကန့်သတ်ထားရှိထားကာ နာခေါင်းတို့ဖတ်ရယူပြီး စစ်ဆေးနေသလို ဒေသတွင်း ကိုဗစ်-၁၉ ရောဂါနဲ့သက်ဆိုင်ပြီး အသိပညာပေးမှုကိုလည်း နေ့ည လုပ်ဆောင်နေကာ လူဝင်လူထွက်ကိုလည်း စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၅၂၆၃ ဦးအထိ ရောက်ရှိနေပြီဖြစ်ကာ ဆေးရုံဆင်းခွင့်ရရှိသူကတော့ ၁၁၈၈ ဦးဖြစ်ပြီး သေဆုံးသူကတော့ ၈၁ ဦးအထိရှိသွားပြီဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာတော့ ရောဂါပိုးတွေ့ရှိသူ ဖားကန့်မြို့တွင် ၉ ဦး၊ မိုးညှင်း မိုးမောက် မြစ်ကြီးနားနဲ့ မိုးကောင်းတွင် တစ်ဦးစီရှိကြပါတယ်။