ဖားကန့်ဒေသထဲ ဝင်ရောက်လာမည့်သူများကို ဩဂုတ်လ ၂၄ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်ခြင်းအားဖြင့် မြို့ဝင်ဂိတ်များတွင် သေချာစစ်ဆေးမေးမြန်းမှုတွေ ပြန်လည်လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းစတင်လာပြီဖြစ်တာကြောင့် ကူးစက်မှုတွေ အလျင်အမြန်မပြန့်ပွားစေဖို့ ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကာ ဖားကန့်ဒေသဝင်ရောက်လာမည့် နေရာများဖြစ်တဲ့ ကားမိုင်းဂိတ်၊ လုံးခင်းဂိတ်၊ လယ်ပြင်ဂိတ်၊ ဂွေခါဂိတ်၊ ဆယ်ဇင်းဂိတ်များတွင် ဒေသကျန်းမာဌာနတာဝန်ရှိသူများနဲ့ ဒေသခံများပူးပေါင်းပြီး ကျန်းမာရေးဆိုင်ရာအချက်အလက်များကောက်ခံသွားမှာဖြစ်ပါတယ်။
ဖားကန့်ဒေသဟာ နိုင်ငံတဝန်းရှိ အများပြည်သူများ ဝင်ထွက်သွားလာ စီးပွာရှာရာဒေသဖြစ်တာနဲ့အညီ ဖားကန့်ဒေသကို ခရီးသွားမည့်သူများထဲတွင် လက်ရှိ Stay at Home အဖြစ်သတ်မှတ်ထားတဲ့ ဒေသများမှ ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း ၁၄ ရက် လုပ်ဆောင်သွားမှာဖြစ်ကာ ယခင် မတ်လကနေ ဇွန်လအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ လက်ရှိတွင် ပြည်တွင်းကူးစက်မှုတွေ တစ်ကျော့ပြန်ဖြစ်ပွားလာတာကြောင့် ပြန်လည် စတင်လိုက်ခြင်းဖြစ်ပါတယ်။