ဖားကန့်မြို့နယ်၊ ဂွေခါကျေးရွာမှ တာမခံကျေးရွာသွားလမ်းတလျှောက် မြေပြိုမှုတွေဖြစ်ပွားခဲ့တာကြောင့် လမ်းမနဲ့ လူနေအိမ်တစ်ချို့ထိခိုက် ပျက်စီးသွားကြောင်း သိရပါတယ်။ လွန်ခဲ့သော ၂ ရက် ၃ ရက်အတွင်းမှာ ကျောက်စိမ်းကုမ္ပဏီများအနေဖြင့် အောက်ကြောနှိုက်မှုတွေ တိုးလုပ်ကာ မိုးရွာသွန်းမှုလည်းများပြားလာတာကြောင့် အပေါ်ပိုင်းမှာတည်ရှိနေတဲ့ ကားလမ်းတွေ၊ နေအိမ် ၉ အိမ်နီးပါး မြေပြိုမှုတွင် ပါဝင်သွားကြောင်း ဒေသခံများက ပြောပါတယ်။ ပျက်စီးသွားတဲ့ကားလမ်းကို လမ်းကြောင်းပြောင်းလုပ်ဆောင်သွားမှာဖြစ်ကာ မြေပြိုမှုထဲပါဝင်သွားသော နေအိမ်များကိုတော့ သက်ဆိုင်ရာကုမ္ပဏီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဆွေးနွေးတိုင်ပင်နေကြပါတယ်။ “အရင် မြေမပြိုခင်မှာ အဲ့ဒီတဝိုက်က နေအိမ်တွေကို ကူညီမှုတွေတော့ ရှိခဲ့တယ်၊ ပျက်စီးသွားတဲ့လမ်းကိုလည်း မြေဇာပုံဘက်မှာ လမ်းပြန်ဖွင့်ပေးနိုင်ဖို့ အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်နေကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ယခုလို မြေပြိုမှုဖြစ်ပွားစဉ် ကားလမ်းနဲ့ နေအိမ်တွေ ပါဝင်သွားပြီး လူထိခိုက်မှုမရှိပေမယ့် လမ်းသွားလမ်းလာခက်ခဲမှုတွေတော့ ရှိနေတာကြောင့် ဒေသခံများအနေဖြင့် မြေပြိုမှုတွေ ဆက်လက်ဖြစ်ပွားမှာကိုတော့ စိုးရိမ်နေကြပါတယ်။