
ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းဖို့ အစိုးရအနေဖြင့် ရက်တိုးသတ်မှတ်ထားပေမယ့် ဖားကန့်ဒေသမှာတော့ လွတ်လပ်စွာပြန်လည်သွားလာနိုင်ဖို့ ဒေသန္တရအစိုးရက တရားဝင် ခွင့်ပြုပေးလိုက်ပါပြီ။ လွန်ခဲ့သော သုံးလကတည်းက ပြည်တွင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုရှိလာတာကြောင့် ဖားကန့်ဒေသကို ဝင်ရောက်ဖို့ ခရီးသွားပြည်သူနဲ့ ယဉ်မောင်းများကို ထောက်ခံစာ၊ နိုင်ငံသားမှတ်ပုံတင်များကို စီစစ်ပြီး ဒေသခံများကိုသာ ဝင်ခွင့်ပြုပြီး ကျန်းမာရေးစောင့်ကြည့်မှုတွေလုပ်ဆောင်စေခဲ့သလို ဇူလိုင် ၁ ရက်နေ့ကစပြီး ဒေသတွင်း လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ “အခုကတော့ ဘယ်မြို့နယ်ကဘဲ ပြန်လာလာ ဖားကန့်ဝင်မယ်ဆိုရင်တော့ ထောက်ခံစာ၊ နိုင်ငံသားမှတ်ပုံတင် စတာတွေမလိုအပ်တော့ဘူး၊ ကိုယ်အပူချိန်တိုင်းတာလောက်ပဲ လုပ်ပြီး ဝင်ထွက်လို့ရပြီ” လို့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ အတွင်းရေးမှူး ဒရှီနော်လော် ကဆိုပါတယ်။ ဇူလိုင် ၁ ရက်နေ့ကစပြီး ရှအစ်ယန်ကျေးရွာ ရှိ စစ်ဆေးရေးဂိတ် (၁) ကို တရားဝင်ဖျက်သီမ်းလိုက်ကာ ဂိတ် (၂)မှာတော့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီးမှ ဖားကန့်ဒေသကို သွားခွင့်ပြုခြင်းဖြစ်ပါတယ်။ ယခုလို ဖားကန့်ဒေသကို လွတ်လပ်စွာ သွားလာဖြတ်သန်းခွင့်ပြုလိုက်ခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းကျဆင်းမှုရှိလာမည်လို့ ယုံကြည်ပြီး လက်ခံသူတွေရှိသလို ဖားကန့်ဒေသဟာ လူမျိုးပေါင်းစုံ ဒေသပေါင်းစုံက လူတွေလာရောက်တဲ့ မှော်နယ်မြေဖြစ်တာကြောင့် ကိုဗစ်-၁၉ ရောဂါပြန့်ပွားလာမည်ကို စိုးရိမ်သူတွေလည်း ရှိနေကြပါတယ်။