ဇွန်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။
ဖားကန့်မြို့၊ ဆန်းကြွယ် မှော်တောင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဦးသိန်း နေအိမ်ကို ပစ်ခတ်စီးနင်းမှု ပြုလုပ်ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရပါတယ်။
ဦးသိန်းနေအိမ်ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အား ၃၀ ခန့်ဖြင့် ဇွန်လ ၈ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်တွင် ဝင်ရောက်စီးနင်းလာတာကြောင့် နေအိမ်အတွင်းရှိနေတဲ့ ၃ ဦးထဲမှ တစ်ဦးဖြစ်တဲ့ ကိုမောင်အေး ထွက်ပြေးစဉ် ပစ်ခတ်ခံလိုက်ရခြင်းကြောင့် သေဆုံးသွားခဲ့ကာ ကိုသိန်းနဲ့ ကိုမြင့်လွင်တို့ ၂ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။
ဒေသကာကွယ်ရေးတပ်များကို ထောက်ပို့ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံလိုက်ရသူ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က မည်သည့်နေရာဘက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရှိရတာကြောင့် မိသားစုဝင်များက စိုးရိမ်စိတ်ပူနေကြရကြောင်း သိရပါတယ်။
“ယခုနောက်ပိုင်း အကြမ်းဖက် စစ်တပ်က PDF နဲ့ဆက်နွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းခံရရင် တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လာတယ်ဗျာ၊ သံသယမှုနဲ့ပဲ သတ်ခံရတာတွေလည်း မနည်းတော့ဘူး၊ ဖားကန့်ဒေသက ပိုမိုစိုးရိမ်စရာ နေရာတစ်ခုဖြစ်လာပြီ” လို့ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူ ၁ ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်တဲ့အပြင် ကိုသိန်းနေအိမ်ရှိ အိမ်တွင်းပစ္စည်းများကိုလည်း ဝင်ရောက်သိမ်းဆည်းသွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။