ဖရဲ့စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်-၁၉ ကာလ ကြာမြင့်လာသည်နဲ့အမျှ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိသည်သာမက ဆောင်းတွင်း နှင်းများထူထပ်သဖြင့် စစ်ပြေးရှောင်ပြည်သူများ အနွေးစောင်များ၊ ခြုံထည်များနဲ့ ဆေးဝါးများ လိုအပ်နေကြောင်း သိရှိရပါတယ်။

စစ်ပြေးရှောင်စခန်းအတွင်း Covid-19 ကို ကာကွယ်သောအနေဖြင့် ၁၅ ရက်တကြိမ် ဆေးဖြန်းမှုပြုလုပ်နေသည်သာမက ကပ်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများကိုအသိပညာပေးခြင်း၊ အမြင်ဖွင့်ပေးခြင်းများပြုလုပ်နေကြောင်း စစ်ဘေးရှောင်စခန်းမှူး ဆရာရှီကျန်းဆောင်ဇုမ်းကပြောပါတယ်။
ဖရဲ့စစ်ဘေးရှောင်စခန်းမှာ အသွားအလာခက်ခဲသဖြင့် ကူညီမှုအသင်းများ လာရောက်ကူညီမှုနည်းပါးသောနေရာဖြစ်ကာ တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းအများဆုံးဝင်ပြီး Covid-19 ကာလအတွင်း တရုတ်ပြည်ဘက်မှ အစားအသောက်များ၊ ကုန်ပစ္စည်းများ ပိတ်ပင်လိုက်သောကြောင့် စားနပ်ရိက္ခာ၊ ကုန်ပစ္စည်းပို့ဆောင်မှုများခက်ခဲလာကြောင်း၊ စားသောက်ကုန်များကိုအလွယ်တကူကုန်သွယ်နိုင်ဖို့ လိုလားတယ်လို့ စခန်းမှူးကသူ့ရဲ့အမြင်ကို ပြောပါတယ်။
ဖရဲ့စစ်ဘေးရှောင်စခန်းက ၂၀၁၂ ခုနှစ်ကစပြီး စစ်ဘေးရှောင်ခဲ့ရာ အိမ်ခြေပေါင်း ၁၆၅ အိမ် ရှိကြောင်း သိရှိရပါတယ်။