ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဆန်ယန်၊ မိုင်ဆပ်ပါကျေးရွာ အနီးဝန်းကျင်ရှိ ဖရဲစိုက်ပျိုးသူများက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖရဲသီး သယ်ယူပို့ဆောင်ရေးအတွက် အခက်ကြုံနေကြရပါတယ်။

ဖရဲသီးများကိုတော့ တရုတ်ပြည်ဘက်အခြမ်းနဲ့ မူဆယ်၊ နမ့်ခမ်းဘက် ပို့ဆောင်ရောင်းချတာဖြစ်ပေမယ့် ကိုဗစ်အချိန်ဖြစ်တာကြောင့် ဖရဲသီးသယ်ယူပို့ဆောင်ရေးတွင် အခွန်အခနဲ့ သယ်ယူစရိတ်မြင့်မားခြင်းနဲ့ ကြုံနေရတာဖြစ်ပါတယ်။ ယခုလို သယ်ယူပို့ဆောင်ရေး အချိန်မှီမလုပ်ဆောင်နိုင်တာကြောင့် ရောင်းပန်းမလှဖြစ်ပြီး အခက်တွေ့နေရတာပါ။
“အခုဒီရောဂါကာလရှိနေတဲ့အတွက် တရုတ်နိုင်ငံမှာလည်းအခုအမတို့ ပြီးခဲ့တဲ့ မိုးဖရဲရောင်းတဲ့ ချိန်မှာ အမတို့ထက်ကို (၁၅)ရက်ကစော ပြီးခူးရောင်းနိုင်တဲ့ လောပန်းတွေကျတော့ သူတို့ကိုကျတော့ စျေးကွက်မှီတာပေါ့ အမတို့က(၁၅)ရက်လောက်နည်းနည်း နောက်ကျသည့်အတွက် ပထမကားတစ်စီး လောက်တော့ စျေးကွက်မှီ လိုက်တယ်။ တရုတ်ထဲဝင်ဖို့ကျတော့ ရုံးအသီးသီး ဆက်သွယ်တာမျိုးလုပ်ပြီးတော့မှ သူ့တို့အကောက်ခွန်တွေ ဆောင်ပြီးတော့မှ ဝယ်လက်လောဘန်တွေနည်း သွားတာပေါ့နော် အားနည်းသွားတော့ အမတို့စျေးကွက်မရဘူး ” လို့ ဖရဲစိုက်ပျိုးသူတစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးသန်းကပြောပါတယ်။
ယခုနှစ်ကလည်း ခရီးသွားလာရေးအခက်အခဲရှိနေပြန်တာကြောင့် အလုပ်လုပ်ကိုင်ဖို့ ခေါ်ယူနိုင်ခြင်းမရှိခဲ့သလို ဖရဲသီးအထွက်နှုန်းကလည်း ထင်သလောက်မထွက်ကြောင်း သိရှိရပါတယ်။
“ခုဆိုကျမတို့အလုပ်မနိုင်ဘူးဖြစ်နေတယ် လူခေါ်ရဖို့အရမ်းခက်သွားပြီ အမတို့ လုပ်နေရာကျတော့ (၆)ရောက်(၇)ရောက်လောက် ရှိတယ် အစောတုန်းကနေ ရောက်ထားတဲ့ လူတွေဘဲဟုတ်တယ် Nam San Yang ဘက်ကလူသစ်ဆိုရင်တော့ မဝင်ခိုင်ဘူး လူလိုရင် ဟိုဘက်က ဝင်လာချင် လည်း ဒီဘက်မှာမဝင်ခိုင်တဲ့ အခက်အခဲ တွေတော့ရှိတယ်။ ဒီရွာထဲက ခေါ်မယ် ဆိုလည်း ဟိုတလောက သူတို့မှာ လက်မှတ်တွေ ပါတယ်။ ဂိတ်မှာမကျော်ခိုင်ဘူးဆိုတော့ လူလည်း ခေါ်လို့ မရဆိုဘူး။ လုပ်ငန်းတွေက မနိုင်သလိုဖြစ်တဲ့ ခါကျ သီးနှံကတော့ မျှော်မှန်းသလောက် မထွက်လာတော့ဘူပေါ့။ အညွှန့် တင်တဲ့ချိန်လည်း အညွှန့်မသင် လိုက်နိုင် ပိုးကျလာ ပြီဆိုလို့ ပိုးသတ်ဆေးတွေ ဆေးဖျန်းမယ့် အချိန်မှာလည်း ဆေး အချိန်မှီ မဖျန်းလိုက်နိုင် အဲ့မျိုးလည်း အခက်အခဲ ရှိတာပေါ့” လို့ သူကဆက်ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားခင်ကာလများတွင် တရုတ်ကုန်သည်များက ဖရဲခြံနဲ့အမျှဝယ်ယူမှုတွေရှိပေမယ့် အမြတ်ငွေအနည်းအကျဉ်းများသာရရှိတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပုံမှန်ဖရဲစိုက်သူများအနေဖြင့် အခြားသီးနှံပြောင်းလဲစိုက်ပျိုးဖို့ အခက်အခဲရှိသလို စိုက်ပျိုးထားတဲ့ ဖရဲသီးများကိုလည်း ပြန်လည်ရောင်းချနိုင်ဖို့ အခက်ကြုံရတာကြောင့် ဖရဲစိုက်ပျိုးသူများက စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေကြရပါတယ်။
ယခင်နှစ်တွေတုန်းက နမ့်ဆန်ယန်၊ လမိုင်ယန်နဲ့ မိုင်ဆပ်ပါဒေသရှိ နေရာအများစုတွင် တရုတ်ငှက်ပျောစိုက်ပျိုးမှုကို လုပ်ဆောင်ကြတာဖြစ်ပေမယ့် ယခုအချိန်မှာ ကေအိုင်အိုအစိုးရအနေဖြင့် ငှက်ပျောအစား အခြားသီးနှံစိုက်ပျိုးဖို့ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတာကြောင့် ဖရဲသီးစိုက်ပျိုးမှုကလည်း တဟုန်ထိုးများပြားလာတာပဲ ဖြစ်ပါတယ်။