အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဦးဆောင်သူအဖြစ် မှတ်ယူပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ပူတာအိုမြို့ရှိ လူငယ် ၅ ဦး ယနေ့ မတ်လ ၄ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ်တစ်လွှား အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ဆန္ဒထုတ်ဖော်နေမှုက နေ့စဉ်နဲ့အမျှ နေရာအသီးသီးမှာ ပုံစံမျိုးစုံဖြင့် သပိတ်မှောက်နေကြသလို ယခုတလောမှာတော့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာပြီး ဖမ်းဆီးခံလိုက်ရသူများလည်း အမြောက်အမြားရှိခဲ့သလို အချို့က ပြန်လည်လွတ်မြောက်လာတာတွေရှိပေမယ့် တချို့ကတော့ အမှုစွဲဆိုခံရသူတွေလည်း ရှိနေပါတယ်။
မတ်လ ၃ ရက်နေ့ စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုကို သပိတ်မှောက်တဲ့ ဖားကန့်ပြည်သူများ ကျည်အစစ်များ၊ ရာဘာကြည်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆေးရုံတက်ကုသရသူများရှိခဲ့သလို မြစ်ကြီးနားမြို့တွင်လည်း သပိတ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူ ၃၀ အထက်ရှိခဲ့ပေမယ့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဖြန်ဖြေခြင်းဖြင့် ပြန်လည်လွတ်မြောက်လာကာ ဖမ်းဆီးခံရသူများ ရှိနေသေးကြောင်း သတင်းတွေကဖော်ပြနေပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့စပြီး မြန်မာစစ်တပ်မှ အရပ်သားအစိုးရဆီကနေ အာဏာသုံးရပ် မတရားအတင်းအဓမ္မသိမ်းယူလိုက်ပြီး အာဏာရှင်စနစ်ကို မလိုလားတဲ့ ပြည်သူများက တောရောမြို့ပါမကျန် သပိတ်မှောက်မှုတွေကို စဉ်ဆက်မပျက်လုပ်ဆောင်နေရာ အာဏာသိမ်းစစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသွားခဲ့ရသူ ၅၀ အထက်ရှိနေပြီဖြစ်ကာ မတ်လ ၃ ရက်နေ့ တစ်ရက်တည်းမှာတင် ၃၈ ဦးသေးဆုံးခဲ့ရတယ်လို့ ကုလအထူးကိုယ်စားလှယ်က ပြောဆိုထားကာ CRPH အနေဖြင့် အာဏာသိမ်းစစ်တပ်ကို “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာထားပါတယ်။