ဝိုင်းမော်ဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက ဒေသတွင်း လှုပ်ရှားနေရာများတွင် အဖွဲ့တွင်းဝင်ရောက်ကြဖို့ ပြောဆိုဟောပြောမှုတွေ၊ အင်အားတိုးချဲ့မှုတွေလုပ်ဆောင်နေတဲ့ သတင်းထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

ဂျမ်ဂါ၊ ဂွေထု၊ နောင်ခိန်ဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက ကျေးရွာများအတွင်း စည်းရုံးရေးများဆက်တိုက်ပြုလုပ်နေကြောင်း သိရပါတယ်။
“ဂွေထုဒေသဘက် မေးကြည့်တော့ ပြည်သူ့စစ်အဖွဲ့ဝင်ခိုင်းတာတွေရှိမယ်လို့ ကြားသိရပေမယ့် လက်ရှိအချိန်ထိတော့ မတွေ့မိသေးဘူး၊ လဆန်အောင်ဝါအဖွဲ့ကလည်း ပြည်သူ့စစ်လုပ်ခိုင်းတာတွေရှိနေတယ်တဲ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပူတာအိုမြို့နယ် ခေါင်လန်ဖူးဒေသ ပြည်သူ့စစ်အဖွဲ့တွေကလည်း စစ်သင်တန်းပေးပို့ဖို့ ဒေသခံပြည်သူများကို လိုက်လံပြောဆိုနေပြီး စက်တင်ဘာ ၂၀ ရက်နေ့ကလည်း စစ်သင်တန်းဖွင့်လှစ်မှုရှိခဲ့ပေမယ့် တက်ရောက်သူမရှိသလောက် အနည်းငယ်သာရှိခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကချင်ပြည်နယ်ရောက်ရှိပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့စစ်အဖွဲ့ အင်အားတိုးများဖို့၊ တောင့်တင်းလာဖို့ ဖိအားပေးတိုက်တွန်းတာတွေလုပ်ဆောင်နေတာကြောင့် အဖွဲ့ဝင်ဖို့ အတင်းအဓမ္မခိုင်းစေတာတွေ ပြုလုပ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြရတာဖြစ်ပါတယ်။