ပြည်သူ့စစ်အဖွဲ့နဲ့ အုပ်စုဖွဲ့ မူးယစ်ဆေးဝါးကုန်သည်များကို စစ်ဆေးနေစဉ် တိုက်ခိုက်ခံရတာကြောင့် KIA တပ်သားတစ်ဦးကျဆုံးခဲ့ရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့၊ အောင်မြေ ၂ ဘက် ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်တွင် ကျေးရွာအတွင်း မူယစ်ဆေးဝါးရောင်းဝယ်နေမှုကို တားဆီးဖို့ ဝင်ရောက်ခဲ့တဲ့ ကေအိုင်အေတပ်ဖွဲ့ကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဒေသပြည်သူ့စစ်အဖွဲ့က လိုက်လံပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ကျေးရွာတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေကြောင်း သတင်းရရှိတာကြောင့် ကေအိုင်အေတပ်မှ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းလုပ်ဆောင်ကာ မူးယစ်ဆေးဝါးရောင်းသူကို သက်သေနဲ့တကွ ဖမ်းမိပြီး စစ်ဆေးနေချိန် ပြည်သူ့စစ်အဖွဲ့မှ လာရောက်ပစ်ခတ်ခြင်းကြောင့် ကေအိုင်အေ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားခဲ့ရပါတယ်။

ဝိုင်းမော်မြို့နယ် အောင်မြေ (၁)နဲ့ (၂) ကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူ တစ်နေ့ထက်တစ်နေ့ များပြားလာတာကြောင့် ဒေသခံများက ကျေးရွာအတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံမှုတွေ ရှိလာတာကြောင့် KIA တပ်မှ ယခုလို မူးယစ်ဆေးဝါးရောင်းဝယ်သူများကို စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်လာစဉ် ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါဒေသများတွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ ပေါများပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား စိုက်ပျိုးမှု ထူပြောတဲ့နေရာဖြစ်နေတာကြောင့် ဒေသခံများက မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ဆောင်ဖို့ အခက်ကြုံတွေ့နေကြရပြီး မူးယစ်ဆေးဝါးကုန်သည်များက ပြည်သူ့စစ်အဖွဲ့နဲ့ အုပ်စုဖွဲ့ လုပ်ဆောင်နေခြင်းကြောင့် ကျေးရွာအတွင်း လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*