တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်တဲ့ တိတ်ဆိတ်ငြိမ်သက်သပိတ် (Silent Strike) တွင် ကချင်ပြည်နယ်တစ်ခုလုံးရှိ ပြည်သူများက အင်တိုက်အားတိုက်ဖြင့် ပါဝင်ဆင်နွဲခဲ့ကြကာ သတင်းအမှောင်ချခြင်းခံရတဲ့ မြို့များမကျန် ပါဝင်ကြပါတယ်။

လူထုရွေးချယ်ထားတဲ့ အရပ်သားအစိုးရဆီကနေ မြန်မာစစ်တပ်ရဲ့ အဓမ္မအာဏာသိမ်းခြင်းကို ၁၀ လကျော်ကြာလာတဲ့အထိ ပြည်သူလူထု လက်သင့်မခံကြောင်း လက်ရှိ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ပြသနေပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို တိုက်တွန်းနေပြီး မြန်မာလူထုနဲ့အတူ ရပ်တည်ဖို့ ပျက်ကွက်နေသေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း သတင်းစကားပါးနေခြင်းဖြစ်ပါတယ်။
ယနေ့ပြုလုပ်တဲ့ တိတ်ဆိတ်ငြိမ်သက်သပိတ် (Silent Strike)က ဒုတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်ပြီး ပြည်သူလူထုအနေဖြင့် နေ့စဉ်နေ့တိုင်း နည်းလမ်းပေါင်းစုံဖြင့် စစ်အာဏာရှင်များကို ဆက်လက်တွန်းလှန်နေကြဆဲဖြစ်ပါတယ်။
“ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။” ဆိုတဲ့အတိုင်း အာဏာသိမ်းစစ်ကောင်စီကို အုပ်ချုပ်ခွင့်မရရှိစေဖို့ အုပ်ချုပ်မခံကြောင်း နည်းလမ်းပေါင်းစုံထဲမှ အသံတိတ်ပြီး အကျယ်လောင်ဆုံးသောနည်းဖြစ်ကာ လူထုလူတန်းစား အလွှာအသီးသီးက ပါဝင်နေကြပါတယ်။

တိတ်ဆိတ်ငြိမ်သက်သပိတ် (Silent Strike) တွင် လမ်းမပေါ် လူမရှိ၊ ကားမရှိ၊ ဈေးတွေပိတ်ကာ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ နမ္မတီး၊ ဖားကန့်၊ တနိုင်း၊ ပူတာအို၊ ရွှေကူ၊ မိုးမောက်၊ ဝိုင်းမော်၊ ဟိုပင် စတဲ့မြို့ကြီးများအပါအဝင် ကချင်ပြည်နယ်ရှိ မြို့အားလုံး ပါဝင်ဆင်နွဲကာ အာဏာသိမ်း စစ်ကောင်စီကို အလိုမရှိကြောင်း ပြသခဲ့ကြပါတယ်။