ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၁၄) နယ်မြေ ဟူးကောင်းဒေသတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ ရက် မနက် ၁ နာရီခွဲခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဒေသခံပြည်သူတွေရှိရာ ကျေးရွာအနီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်က ကေအိုင်အေ တပ်ရင်း (၁၄) နယ်မြေ ဝါခမှော်နဲ့ အနီးဝန်းကျင်တွင် ဗုံး ၃ ကြိမ်တိုင် ကြဲခဲ့ကာ မနက် ၂ နာရီခန့်တွင် ပြန်လည် ဆုတ်ခွာသွားပြီး ဒီဗုံးကြဲတိုက်ခိုက်မှုတွေ ပြည်သူထိခိုက်မှုတော့ မရှိခဲ့ပေမယ့် မနက်အိပ်ချိန်ဖြစ်ပွားခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ကြရကြောင်း သိရပါတယ်။
ဖားကန့်လမ်းပိုင်း နန့်ယားကျေးရွာတွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဖေဖော်ဝါရှိ ၂၆ ရက် မနက် ၁၁ နာရီခန့်ကစတင်ပြီး ယုဇနကွင်းပြင်၊ ၉ မိုင်လမ်းဆုံ၊ ကျောက်ထုနဲ့ မအူပင်ကျေးရွာဘက် ၈၂-မမ လို့ယူဆရတဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။
နန့်ယား စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးဖြင့် မအူပင်ကျေးရွာအနီး လယ်ကွင်း ကျေရောက်ပေါက်ကွဲမှုတွင် ဒေသခံထိခိုက်မှုတော့ မရှိခဲ့ပေမယ့် တိုက်ပွဲများ ထပ်မံပြင်းထန်လာမှာကိုတော့ ဒေသခံများက စိုးရိမ်နေကြပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းကလည်း ကားမိုင်း စစ်ကောင်စီဗျူဟာကုန်းကနေ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လဝါးလမ်းဆုံတွင် ဆိုင်ဖွင့်လှစ်နေတဲ့ ဦးကိုကိုဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခဲ့ရမှု ရှိခဲ့ပါတယ်။