၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းကိုး ဖောင်းဆိုင်ဒေသတွင် ကချင်အမျိုးသားအစည်းအရုံး (KNO)မှ တပ်မဟာ (၁၀၈) ဖွဲ့စည်းလိုက်ခြင်းကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကချင်နိုင်ငံနဲ့ ကချင်လူမျိုးအတွက် ကိုယ်စားပြုကာ တော်လှန်ရေးဆင်နွဲနေတဲ့အဖွဲ့ဖြစ်သလို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကိုလည်း ဖွဲ့စည်းပြီးဖြစ်တာကြောင့် အခြားသောတော်လှန်ရေးအဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့ အသစ်ထပ်မံဖွဲ့စည်းဖို့ မလိုအပ်တော့ကြောင်း ဖော်ပြထားပါတယ်။
ကချင်လူမျိုးအတွက် တာဝန်ထမ်းဆောင်ချင်သူ မည်သူမဆို ကေအိုင်အိုရှိ ဌာနအသီးသီးနဲ့ ကေအိုင်အေတွင် အမှုထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် မုန်းကိုး ဖောင်ဆိုင်းဒေသတွင် ကချင်အမျိုးသားအစည်းအရုံး (KNO)မှ သီးသန့် တပ်မဟာ (၁၀၈) ဖွဲ့စည်းလိုက်ခြင်းကို အသိအမှတ်ပြုမှာမဟုတ်သလို လက်ခံမှာလည်း မဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။
ယခုလို ကချင်အမျိုးသားအစည်းအရုံး (KNO)မှ တပ်မဟာဖွဲ့စည်းတဲ့ဒေသဟာ ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆)နဲ့ ခြေမြန်တပ်ရင်း (၃၈) တို့ တည်ရှိရာ နယ်မြေတစ်ခုဖြစ်ကာ ကချင်လူထုကလည်း ကန့်ကွက်နေကြပါတယ်။