ပူတာအိုဒေသရှိ ယခုနှစ်အတွက် စိုက်ပျိုးထားတဲ့ တောင်ယာခင်းနဲ့ စပါးခင်းများတွင် အလိုအလျာက်ခြောက်တွေ့မှုတွေ ဖြစ်ပေါ်လာပြီး အပင်သေဆုံးသွားမှုတွေ ဖြစ်နေကာ လုံရှားယန်ကျေးရွာ ဒေသခံများရဲ့ စိုက်ခင်းများမှာတော့ ကျိုင်းကောင်များ အလွန်များပြားစွာ ကျရောက်နေကာ စပါးပင်များ ပျက်စီးခြင်းတွေ ကြုံတွေ့နေရတာကြောင့် ဒေသခံများက စိုးရိမ်နေကြရပါတယ်။

“အရင်းတုန်းက တောင်ယာစိုက်ခင်းတွေမှာ ကျိုင်းကောင်တွေ စပါးပင်လာဖျက်စီးတာ မရှိခဲ့ဘူး၊ အခုက ကျိုင်းကောင်တွေက အမြစ်ကအစ အကုန်လုံးဖျက်စီးပေးလိုက်တယ်ဗျာ” လို့ လက်ရှိ ကျိုင်းကောင်းကျရောက်နေမှုကို ဒေသခံတစ်ဦးကပြောပါတယ်။
အချို့ဒေသများမှာတော့ စပါးပင်တွေ အချိန်မတန်ပျက်စီးခြင်းများနဲ့ ကြုံတွေ့နေကြရကာ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်နိုင်ကြောင်း မှန်းဆထားကြပြီး လုံရှားယန်ကျေးရွာဒေသခံများရဲ့ အချို့စိုက်ခင်းမှာတော့ ကျိုင်းကောင်ဖျက်စီးခြင်းခံနေရတာကြောင့် စပါးရိတ်သိမ်းဖို့အတွက် မရှိတော့တဲ့အထိ ဖြစ်ပေါ်နေရကြောင်း ထိုဒေသခံကပြောပါတယ်။

ထို့ပြင် ဒေသခံများက ကျိုင်းကောင်များ တောင်ယာစိုက်ခင်း ဖျက်စီးပြီး လယ်စိုက်ပျိုးထားတဲ့နေရာဘက်ကို ပြောင်းရွေ့ဖျက်စီးလာမှာကိုလည်း စိုးရိမ်နေကြေရပြီး ကျိုင်းကောင်မျိုးပွားမှုကလည်း ပိုမိုများပြားလာတဲ့ အခြေအနေဖြစ်နေတာကြောင့် ယခုနှစ်အတွင်း ပူတာအိုဒေသရှိ တောင်ယာစိုက်ခင်းနဲ့ စပါးခင်းများ အထွက်နှုန်းကျဆင်းမှ၊ ပျက်စီးခြင်းများအပြင် ကျိုင်းကောင်ကျရောက်မှုလည်း ထပ်တိုးကြုံတွေ့နေရတာကြောင့် အစားအသောက်ဖူလုံရေးအတွက် အခက်အခဲရှိနေလာမှာဖြစ်တယ်လို့ ဒေသခံများမှန်းဆထားကြပါတယ်။