ပူတာအိုရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်သူ လူငယ် ၅ ဦးကို တရားစွဲထား

အရပ်သားအစိုးရထံမှ အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုသပိတ်တွင် ပါဝင်သူ ၉ ဦးကို အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့ကဖမ်းဆီးခေါ်ဆောင်သွားရာကနေ လေးဦးကိုတော့ ၂၁ ရက်နေ့က ပြန်လည်လွတ်ပေးခဲ့ပေမယ့် ကျန်းငါးဦးကိုတော့ စစ်ဆေးရမည့်အရာများကျန်ရှိနေသေးတာကြောင့် ပူတာအိုနမ့်ဖော့အကျဉ်းထောင်တွင် ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

လက်ရှိဖမ်းဆီး တရားစွဲဆိုထားခြင်းခံရသူများကတော့ ဖုန်ရောင်ဖီနန်၊ မလောင်ဖေနောင်အောင်၊ လဇွမ်အောင်ဒီး၊ အင်ဖျဲဆင်ဝါးနဲ့ ဇန်ထရမ်ဆိုင်းတို့ဖြစ်ကြကာ သူတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေအပြင် ပုဒ်မ ၁၄၄ ကို ပျက်ကွက်ခြင်းကြောင့်ဆိုပြီး ပုဒ်မ ၂ ခုဖြင့် စွဲဆိုထားကြောင်း သိရှိရပါတယ်။

အာဏာသိမ်းစစ်တပ်အနေဖြင့် လက်ရှိတွင် သပိတ်ဦးဆောင်သူများကို လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်ရာမှာ ထိုလူငယ် ၅ ဦးကိုလည်း သပိတ်ဦးဆောင်သူများအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရှေ့နေနဲ့ အိမ်သူအိမ်သားများ သွားရောက်တွေ့ဆုံဖို့ ခွင့်တောင်းပေမယ့် တွေ့ဆုံခွင့်မပေးတာကြောင့် မိဘများက စိုးရိမ်နေကြရပါတယ်။

ပူတာအိုဒေသတွင် ပြည်သူများက စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုများကို နေ့စဉ် အကြမ်းမဖက်နည်းလမ်းဖြင့် ထုတ်ဖော်နေပေမယ့် အာဏာဖီဆန်ရေး CDM လုပ်ဆောင်နေတဲ့ ကျောင်းဆရာများကိုတော့ လစာပေးမှာမဟုတ်ကြောင်း ပြောဆိုမှုတွေရှိနေတယ်လို့ ဒေသခံများကဆိုပါတယ်။

Leave a Reply

*