ပူတာအိုမြို့နယ် ဖတ်မာကျေးရွာနဲ့ လုံရှာယန်ကျေးရွာအကြား ယနေ့ မနက် ၇ နာရီခွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) လက်အောက်ရှိ တင်ရင်း (၇) နဲ့ အာဏာသိမ်းစစ်တပ် ခလရ (၄၆)၊ ခလရ (၁၃၈) ပူးပေါင်းထားတဲ့အဖွဲ့နဲ့ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်အနေဖြင့် ကေအိုင်အေ နယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်က လက်ရှိအချိန်တွင် လုံရှာယန်ကျေးရွာဘက် စစ်ရေးလှုပ်ရှားမှု ဆက်လုပ်နေဆဲဖြစ်တာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားအုံးမှာ ဖြစ်ကြောင်း ဒေသခံများက ခန့်မှန်းထားကြပါတယ်။
ယနေ့ ညနေ ၃ နာရီအချိန်ခန့်မှာတော့ ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာနဲ့ တန်ဂျာကျေးရွာကြားတွင် အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။
မေလ ၂၈ ရက်နေ့ ညနေ ၈ နာရီခန့်တွင်လည်း ပူတာအိုအခြေစိုက် စစ်ကောင်စီတပ် ခလရ (၄၆) ဘက် ဒုံးကျည်၊ အမြောက်များဖြင့် ကေအိုင်အေ တပ်ရင်း (၇) အဖွဲ့တို့ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် ယမန်နေ့က မနက် ၁၁ နာရီခန့်တွင် ဧရာဝတီမြစ်အတိုင်း မောင်းနှင်လာတဲ့ အာဏာသိမ်းစစ်တပ် တပ်သားများ၊ ရိက္ခာများနဲ့ လက်နက်ခဲယမ်းများ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းကို ကေအိုင်အေ တပ်ရင်း (၁၂) အဖွဲ့သားများက မန္တလေးနဲ့ရွေကူကြား ဒုတိယမြစ်ကျဉ်းတွင် ပခုံးထမ်းလောင်ချာဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ ထိုနောက်တွင် အာဏာသိမ်းစစ်တပ်မှ တပ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ကျောက်ကြီးကျေးရွာဘက် ရောက်ရှိလာကာ ဒေသခံပြည်သူများကို ထွက်ခွာသွားကြဖို့ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ယခုလို အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောဖြင့် စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းမှုကို ယခုလအတွင်း ခပ်စိပ်စိပ် ဟန့်တားခြင်း လုပ်ဆောင်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ကတော့ ကချင်ပြည်နယ်တလွှား တပ်အင်အား တိုးချဲ့နေဆဲဖြစ်ပါတယ်။