ကေအိုင်အိုထိန်းချုပ်နယ်မြေ ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာ ၁၀ ခုကျော်ကို ဇန်နဝါရီ ၁၅ ရက်နေ့ကစတင်ပြီး ၂၈ ရက်နေ့အထိ နှစ်ပတ်တိတိ အသွားအလာကန့်သတ်ခြင်း စည်းကမ်းထုတ်ပြန်ထားကြောင်း ဒေသဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီထံမှ သိရှိရပါတယ်။

အသွားအလာကန့်သတ်ထားရှိတဲ့ကျေးရွာများကတော့ ထိန်နန်ကျေးရွာ၊ ခဖဝေါင်၊ ဝါရွန်၊ လွန်ဝန်၊ ဒွမ်ဂန်၊ ဂေါင်ကထောင်၊ ခင်ဒူယန်၊ အွမ်ဒိန်ဆာ၊ ဘွမ်နွယ်ကျေးရွာ၊ ကျေးရွာအချို့နဲ့ တပ်ရင်း (၇) တို့ဖြစ်ကြပါတယ်။
လော့ဒေါင်းချမှတ်ထားချိန် ကျေးရွာတစ်ရွာနဲ့တစ်ရွာ ဝင်ထွက်သွားလာခြင်းမပြုလုပ်နိုင်သလို မော်တော်ယဉ်၊ ဆိုင်ကယ်များဖြင့် ကုန်သယ်ယူပို့ဆောင်ရေးများရပ်နားထားရမှာဖြစ်ပြီး ကျန်းမာရေးအရသွားလာရမည့်အရာများမှလွဲပြီး ကိုဗစ်ကော်မတီထံအကြောင်းကြားကာ သွားလာရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။