ပူတာအိုခရိုင်တွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား

မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။

ပူတာအိုမြို့နယ်၊ တန်ဂျာအနီး အင်ခေါချောင်းတွင် မတ်လ ၁၈ ရက် ယနေ့မနက် ၇ နာရီခန့်တွင် ကေအိုင်အေတပ်မဟာ (၁) တပ်ရင်း ၇ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

ပူတာအိုလမ်းဆုံနဲ့ တန်ဂျာအနီး စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ကေအိုင်အေတပ်စခန်းအနီးဘက် ရောက်ရှိလာခြင်းကြောင့် နှစ်ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအခြေအနေကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

ကေအိုင်အေ တပ်မဟာ ၁ ပူတာအိုခရိုက်ဘက် မတ်လ ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် မတ်လ ၉ ရက်နေ့ကစတင်ပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

မတ်လ ၁၄ ရက်နေ့တုန်းက အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်း ၃ ခုဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေတပ်ရင်း ၁၀ နဲ့ မိုင်ထောင်းကျေးရွာ လောင်ခါးတောင်အနီးတစ်ကြိမ်နဲ့ ကဝါးပန်နဲ့ ဆွပ်ချောင်းအနီးတွင်လည်း တစ်ကြိမ်နဲ့ အနည်းဆုံး ၃ ကြိမ် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အား ၂၀၀ ကျော်ဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာတဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသေးတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေအုံးမှာ ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။

Leave a Reply

*