ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဌာနချုပ်အတွင်းရှိ ပါကထောင်စစ်ဘေးရှောင်ပြည်သူများအတွက် အိမ်ခြေပေါင်း (၈၀) ကို အမြန်ဆုံးတည်ဆောက်နေကြောင်း စခန်းတွင်းနေသူများထံကနေ သိရှိရပါတယ်။
ယခုတည်ဆောက်နေသော စစ်ဘေးရှောင်အိမ်များကို Wunpawng Ninghtoi (WPN) နှင့် Karuna Mission Social Solidarity (KMSS)တို့မှ တာဝန်ယူဆောက်လုပ်ပေးနေတာဖြစ်တယ်လို့ ပါကထောင်စစ်ဘေးရှောင်စခန်း ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်း ကပြောပါတယ်။
စစ်ဘေးရှောင်နေတာ အချိန်အတိုင်းအတာကြာမြင့်နေပြီဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်များမှာ အများအားဖြင့်ပျက်စီးယိုယွင်းပြီးနေထိုင်၍ မရနိုင်တော့တာကြောင့် အိမ်များကို အမြန်ဆုံးဆောက်လုပ်ပေးနေကြောင်း၊ ယခုဆောက်လုပ်သောအိမ်ခြေများမှာ အိမ်ထောင်စု (၈၀) အတွက်သာဖြစ်ပြီး ကျန်ရှိသောအိမ်ထောင်စု (၂၀၀) ကျော်အတွက်လည်း ဆက်လက်တည်ဆောက်သွားပေးဖို့ စီစဉ်နေကြောင်းသိရှိရပါတယ်။
ပါကထောင်စစ်ဘေးရှောင်စခန်းတွင်း အချို့ဖျားနာသူများအတွက် အခက်ခဲရှိနေသည်သာမက COVID-19 ကာလအတွင်း ကျောင်းနေရွယ်ကလေးများရှိသော အိမ်ထောင်စုများကလည်းငွေကြေးနှင့် စားဝတ်နေရေးအခက်ခဲများပို၍ ကြုံတွေ့နေရပါတယ်။
“အခုချိန်မှာ အိမ်တွေပျက်စီးပြီးနေလို့မရတဲ့အပြင် အလုပ်အကိုင်ကလဲရှားပါးခက်ခဲလာတော့ ကလေးကို ကျောင်းမထားနိုင်တော့တဲ့အခြေနေတွေ များကြီးရှိနေပါတယ်” ဟုစခန်းအတွင်း အခက်ခဲနေပုံကို ပါကထောင်စစ်ဘေးရှောင်စခန်း ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်း ကပြောပါတယ်။
ပါကထောင်စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူများမှာ ဇင်လွန်ဘွမ်၊ ပရန်ဂဒုန်၊ လွယ်လွန်၊ ဇီးအွန်၊ လော်ဒန်ကောင်ဂျာယန်၊ မိုင်းခေါင်၊ ဇင်လွမ်ကောင်ဂျာယန်၊ လွယ်ကန်နဲ့ ရှမ်းပြည်နယ်အချို့နေရာများကနေ တိုက်ပွဲဖြစ်ပွားလာတာကြောင့် လာရောက်စစ်ရှောင်နေသူများဖြစ်ပါတယ်။
လက်ရှိ စစ်ဘေးရှောင် အိမ်ခြေပေါင်း (၅၉၃) အိမ်ရှိပြီး ယခုတွင် အိမ်ခြေပေါင်း (၈၀) ကို ပြန်လည်ဆောက်လုပ်ပေးနေကြောင်းသိရှိရပါတယ်။