နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် သူရဲကောင်း ၄၀၀ နီးပါးကျဆုံးခဲ့ရပြီ

ယနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်နေ့အထိ နွေဦးတော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ရတဲ့ သူရဲကောင်း အယောက် ၄၀၀ နီးပါးရှိသွားပြီဖြစ်ကြောင်း စာရင်းတွေအရသိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဒီမိုကရေစီနည်းကျ ပြည်သူတင်မြောက်ထားတဲ့ အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသုံးရပ် မတရား အဓမ္မသိမ်းဆည်းလိုက်ပြီးနောက်ပိုင်း နိုင်ငံတဝှမ်းရှိ လူထုက အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။

အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတဲ့ပြည်သူလူထုကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ပါးစေများက နည်းလမ်းပေါင်းစုံဖြင့် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ကာ မတ်လကစတင်ပြီး ကျည်စစ်ကျည်မှန်များကို တွင်တွင်ကျယ်ကျယ်အသုံးပြုကာ လူမဆန်စွာ ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုတွေကို ပြုလုပ်လာခဲ့တာကြောင့် ထိခိုက်သေဆုံးရမှုတွေကလည်း တိုးပွားလာခဲ့ရပါတယ်။

ယခုလိုအာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက မပြုလုပ်ဖို့ တိုက်တွန်းကန့်ကွက်မှုတွေရှိနေတဲ့ကြားက လမ်းမကြီးများအပြင် ရပ်ကွက်လမ်းကြားထဲအထိ ပစ်ခတ်ဖမ်းဆီးမှုတွေကို အရှိန်မြင့်လုပ်ဆောင်ခဲ့သလို မတ်လ ၂၆ ရက်ည မြန်မာ့အသံသတင်းတွင်ဖော်ပြချက်အရ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ မျိုးဆက်သစ်လူငယ်များကို ဦးခေါင်းချိန်ရွယ်ပြီး ပစ်ခတ်မှုတွေလုပ်ဆောင်မှာဖြစ်ကြောင်း ပေါ်ပေါ်ထင်ထင် ထုတ်ပြန်ခဲ့ပါသေးတယ်။

ယနေ့အချိန်အထိ စစ်ကောင်စီတပ်များရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၄၀၀ နီးပါးကျဆုံးသွားခဲ့ရပြီဖြစ်ကာ မတ်လ ၁၄ ရက်နေ့မှာတော့ ၁၀၀ နီးပါးအထိရှိခဲ့သလို မတ်လ ၂၇ ရက်နေ့ (၇၆) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေများကြောင့် ပြည်သူ ၁၀၀ ဝန်းကျင် အသက်ဆုံးပါးခဲ့ရကြောင်း မြေပြင်သတင်းတွေကို တွက်ချက်တဲ့ စာရင်းဇယားအရသိရပါတယ်။

နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူများထဲ အသက်မပြည့်သေးတဲ့ ကလေးသူငယ်များလည်း ၂၀ ဦးထက်မနည်းပါဝင်လာသလို အများစုကတော့ အသက် ၂၀ ဝန်းကျင် မျိုးဆက်သစ်လူငယ်များဖြစ်ကြပြီး မန္တလေးမြို့မှာတော့ ကျဆုံးသူ (၇၂) ဦးနဲ့အများဆုံးဖြစ်ကာ ဒုတိယအများဆုံးကတော့ လှိုင်သာယာမြို့ဖြစ်နေပါတယ်။

ကချင်ပြည်နယ်မှာလည်း မင်းအောင်လှိုင်ရဲ့ စစ်တပ်ကြောင့် အသက်ပေးဆပ်လိုက်ရသူ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်းနဲ့ ဟိုပင်တို့တွင် နှစ်ဦးစီကျဆုံးခဲ့ရပြီး ဗန်းမော်မှာတော့ တစ်ဦးကျဆုံးခဲ့ရကြောင်း ကနဦးစာရင်းအရသိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခံထားရမှုတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃၀၇၀) ဦးထိရှိခဲ့ပြီး ထိုအနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၁၇) ဦးထိ ရှိကာ လွတ်မြောက်လာသူများထည့်သွင်းဖော်ပြထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းပြုချက်မှာ ဖော်ပြထားပါတယ်။

ယခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များက လူမဆန်စွာ ရက်စက်ကြမ်းကြုတ်နဲ့နည်းလမ်းပေါင်းစုံဖြင့် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေလုပ်နေပေမယ့် အာဏာရှင်စနစ်ကို မလိုလားတဲ့ ပြည်သူလူထုကတော့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု ပုံစံမျိုးစုံဖြင့် နေ့စဉ်နေ့တိုင်း နေရာဒေသအသီးသီးတွင် ဆက်လက်ထုတ်ဖော် ချီတက်နေကြဆဲပဲဖြစ်ပါတယ်။

Leave a Reply

*