နေ့စဉ်နေ့တိုင်း ဗုံးကြဲတိုက်ခိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး KIA ပစ်ချနိုင်ခဲ့

ကေအိုင်အေဌာနချုပ် တပ်မဟာ (၅) နယ်မြေဘက် အလော့ဘွမ်တောင်ခြေ၊ ဆလော်ကုန်း (တာဝါတိုင်) ဘက် အာဏာသိမ်းစစ်ကောင်စီမှ လေကြောင်းဖြင့် ယနေ့မနက်ပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့ချိန် KIA တပ်မှ ရဟတ်ယာဉ်တစ်စီးကို ပြန်လည်တိုက်ခိုက် ပစ်ချနိုင်ခဲ့ကြောင်း အတည်ပြုပါတယ်။

ယနေ့မနက် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်မှ လာရောက်ဗုံးကြဲတိုက်ခိုက်စဉ် KIA တပ်မှ ပစ်ခတ်လိုက်တဲ့ ရဟတ်ယာဉ်တစ်စီးက ကုန်းလောနဲ့ စီဟတ်ကျေးရွာကြားရှိ လယ်ကွင်းအနီးတွင် ကျရောက်ပေါက်ကွဲသွားခဲ့ကာ အနီးနားရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောဆိုနေကြကာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးမှုလည်း ရှိနေကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်များအနေဖြင့် အလော့ဘွမ်တပ်စခန်းနဲ့ ဆလော်ကုန်းကို မြေပြင်ထိုးစစ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းအပြင် တိုက်လေယာဉ် ရဟတ်ယာဉ်များဖြင့် ဧပြီ ၂၄ ရက်နေ့ကတည်းက တကျော့ပြန် အပြင်းအထန်တိုက်ခိုက်လာခဲ့တာဖြစ်ပြီး ထိုနေရာများကို ကေအိုင်အေမှ ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

Leave a Reply

*