တနိုင်း-လီဒိုလမ်းပိုင်းရှိ ကျေးရွာဖြစ်တဲ့ နောင်းမီနဲ့ ဝါရာဇွပ်ကျေးရွာရှိ ကချင်လူငယ် ၂၉ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ် တနိုင်း ဒကစမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

အဆိုပါလူငယ်များကို မေလ ၁၅ ရက်နေ့ ညနေပိုင်း ၅ နာရီအချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကာ နောင်းမီကျေးရွာမှ (၂၇) ဦးနဲ့ ဝါရာဇွပ်ကျေးရွာမှ (၂) ဦးတို့ဖြစ်ကြပြီး အခြားလူငယ်ဘယ်လောက်အတိုင်းအတာထိ ဖမ်းဆီးခံထားရသည်ကို မသိရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့မှာပင် တနိုင်း-လီဒိုလမ်းပေါ်ရှိ ဒွမ်ဘုံးကျေးရွာတွင် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာတွင်း သူတို့ သံသယရှိသူများကို နေအိမ်ပေါ်အထိ အတင်းအဓမ္မစစ်ဆေးတာတွေလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံများက ရိုက်နှက် နှိပ်စက် ဖမ်းဆီးတာတွေ လုပ်ဆောင်လာမည်ကို စိုးရိမ်ခြင်းကြောင့် နီးစပ်ရာကျေးရွာဘက် တိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
မေလ ၁၃ ရက်နေ့ကစတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက မြစ်ကြီးနား-ဗန်းမော်ကားလမ်းပိုင်းတွင် ခရီးသွားလာသူများကို ဖုန်းစစ်ဆေးခြင်း၊ သယ်ဆောင်လာတဲ့ ပစ္စည်းများကို စစ်ဆေးခြင်းတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေတဲ့အပြင် ကက်သလစ်ဆရာတော်တစ်ပါးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရှိရကာ တနိုင်း-လီဒိုလမ်းပေါ်ရှိ ကျေးရွာများတွင်လည်း ကေအိုင်အေတပ်နဲ့ နီးစပ်မှုရှိမရှိ စစ်ဆေးတာတွေကိုလည်း အပြင်းအထန်လုပ်ဆောင်နေပါတယ်။