နောင်မွန်းမြို့နယ်အတွင်း မူးယစ်ဆေးသုံးစွဲသူများပြားလာ

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်မှာ ၂၀၂၀ ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ပမာဏပိုမိုများပြားလာပြီး လက်ရှိတွင် သုံးစွဲသူ အယောက် ၁၀၀ ကျော်ရှိနေပြီဖြစ်ပေမယ့် အစိုးရနဲ့ ပြည်သူ့စစ်များက အရေးယူပေးခြင်းမရှိသလို ရောင်းဝယ်သူများကိုလည်း ဖမ်းဆီးခြင်းမရှိ အရေးတယူပြုလုပ်ခြင်းမရှိကြောင်း ဒေသခံများက ပြောပါတယ်။ ဒေသတွင်း စီးပွားရေးလုပ်ဆောင်သူတွေတိုးများလာကာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှ ဝန်ထမ်းများလည်း မူးယစ်ဆေးသုံးစွဲမှုတွေရှိနေတာကြောင့် သုံးစွဲသူများပြားလာခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။

“အဓိကများပြားလာတာက စီးပွားရေးသမားတိုးများလာတာတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများက အလုပ်သမားတွေ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာကြောင့်လည်း ပါမယ်ထင်တယ်” လို့ ဒေသခံတစ်ဦးက သူ့အမြင်ကိုပြောပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာခြင်းရဲ့အကျိုးဆက်အဖြစ် ခိုးဆိုးလုနှိုက်တွေ ပေါများလာမည်ကို ဒေသခံများက စိုးရိမ်ကြပြီး သူစိမ်းဝင်ရောက်မှုလည်း များပြားလာသလို ဌာနေတိုင်းရင်းသားများအနေဖြင့် လူဦးရေနည်းပါးတာကြောင့် နောင်တစ်ချိန်တွင် ယခုထက်ပိုမိုပြဿနာတွေ ဖြစ်ပွားလာမှာကိုလည်း တွေးမြင်နေကြပါတယ်။

နောင်မွန်းမြို့နယ်မှာ မြို့ဝင်လမ်း တစ်လမ်းတည်းသာရှိတာကြောင့် မူးယစ်ဆေးဝါးနှိမ်နှင်းဖို့ လွယ်ကူစေမှာဖြစ်ပြီး ခရီးသွားလာသူများကိုလည်း မြို့ဝင်ဂိတ်တွင် သေချာစီစစ်မှုတွေလုပ်ဆောင်ပြီးမှ သွားလာခွင့်ပြုစေချင်ကာ ဒေသအစိုးရ၊ လူမှုကူညီအဖွဲ့နဲ့ အခြားအဖွဲ့အစည်းများအနေဖြင့် မူးယစ်ဆေးသုံးစွဲသူများကိုသာ အဓိကပစ်မှတ်ထားပြီး ပညာပေးခြင်းမဟုတ်ပဲ သုံးစွဲခြင်းမရှိတဲ့ လူငယ်များကိုလည်း အသိပညာပေးမှုတွေ လုပ်ဆောင်ခြင်းကလည်း သုံးစွဲမှုလျော့ကျလာစေမည် ဖြစ်ကြောင်း ဒေသခံများက မှတ်ယူထားကြပါတယ်။

နိုင်ငံရေးစစ်ရေးလေ့လာသူများအဆိုအရ ရှမ်းမြောက် (Kachin Sub-State)နဲ့ ကချင်ပြည်နယ်အတွင်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူများပြားတဲ့ဒေသအများစုက ပြည်သူ့စစ်နဲ့ အစိုးရတပ်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေအများစုမှာ ဖြစ်ပွားနေတယ်လို့ ခန့်မှန်းထားကြပါတယ်။

Leave a Reply

*