နောင်ချိုဘူတာရုံရှိ စစ်ကောင်စီစခန်းကို KIA, PDF ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက် သေဆုံးထိခိုက်မှုများပြား

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၇) နယ်မြေဖြစ်တဲ့ ပူတာအိုမြို့နယ်၊ ဖတ်မာဘက် စစ်အင်အားတိုးချဲ့လာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တစ်စီးကို ကေအိုင်အေတပ်မှ ယနေ့ ဖေဖောဝါရီ ၂၃ ရက်နေ့ နေ့လည်ပိုင်း ၂ နာရီခန့်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။

စစ်အင်အားအပြည့်ဖြင့် စစ်ကူလာရောက်တဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်ကို မူလာရှီဒီးအခြမ်းဘက်မှ ဖတ်မာဘက်ကို လာရောက်စဉ် တိုက်ခိုက်လိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ကေအိုင်အေ တပ်ရင်း (၇) နယ်မြေတွင် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် KIA, PDF ပူးပေါင်းတပ်နဲ့ နေ့စဉ် နေ့တိုင်းလိုလို နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ၆ ရက်ဆက် ဖြစ်ပွားနေတာဖြစ်ပါတယ်။

ထို့အပြင် ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၃၄) နယ်မြေမှာရှိတဲ့ နောင်ချိုဘူတာရုံရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတစ်ခုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၁ နာရီခွဲခန့်တွင် KIA, PDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နောင်ချိုဘူတာရုံတွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်ကြား မိနစ် ၃၀ ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ အကြမ်းဖက် စစ်ကောင်စီဘက်မှ​ သေဆုံးထိခိုက်မှု များပြားခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်အရ သိရပါတယ်။

Leave a Reply

*