နေရပ်ပြန်ကြမည့် စစ်ဘေးရှောင်ပြည်သူများအကြောင်း ကေဘီစီ သတင်းစာရှင်းလင်းခြင်းပြုလုပ်ခဲ့

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ ဖွံ့ဖြိုးရေးဌာနဘက်ကို တင်ပြလာတဲ့ အသင်းတော်အသီးသီးမှ စစ်ဘေးရှောင်ပြည်သူများ လက်ရှိမိမိနေရပ်ပြန်ရေးအတွက် ကေဘီစီဦးဆောင်ပြီးလုပ်ဆောင်နေတဲ့လုပ်ငန်းဆိုင်ရာများ၊ ဆက်လက်လုပ်ဆောင်သွားဖို့ရှိတဲ့လုပ်ငန်းများကို ဇန်နဝါရီ ၁၅ ရက်နေ့က အသင်းချုပ်ရုံးမှာ သတင်းစာရှင်းလင်းခြင်းကို လုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ – KBC Kachin

ဒီသတင်းစာရှင်းလင်းပွဲကို ကချင်ပြည်နယ်မှာ ရုံးစိုက်ထားတဲ့ ကုလသမဂ္ဂလက်အောက်ရှိအဖွဲ့အစည်းများ၊ မီဒီယာများနဲ့ သီးသန့်ဖိတ်ခေါ်ထားသူများ ပါဝင်ခဲ့ကာ လက်ရှိ ကေဘီစီအနေဖြင့် ဦးစီးလုပ်ဆောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးကိစ္စရပ်တွင် ဘယ်အတိုင်းအတာထိ ရောက်ရှိနေပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတွေကို သိရှိစေဖို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆရာခါးလီကပြောပါတယ်။

စစ်ဘေးဒုက္ခသည်များ မိမိနေရပ်ရေးတွင် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးစတဲ့ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နေကာ နေရပ်ပြန်နေချိန် ဆက်လက်အထောက်အပံ့ပေးအပ်ခြင်းမရှိပါက ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

အသင်းတော် (၆၂)ပါးမှ တင်ပြလာတဲ့အကြောင်းအရာများဖြစ်ကာ အိမ်ထောင်စု (၃၇၀၀) ထဲမှ (၇၀၀) ကျော်အတွက်သာ ပြင်ဆင်ဆောင်ရွက်နိုင်သေးကာ ကျန်ရှိနေတဲ့ အိမ်ထောင်စု (၃၀၀၀) အတွက် အဖွဲ့အစည်းအသီးသီးကို တင်ပြပြီး ဆက်လက်လုပ်ဆောင်ကူညီသွားဖို့ ပြင်ဆင်နေပါတယ်။

Leave a Reply

*