နေရပ်ပြန်ကြမည့် စစ်ဘေးရှောင်စာရင်းကောက်ခံစစ်ဆေး

အစိုးရနဲ့ KHCC အဖွဲ့တို့ ဆွေးနွေးတိုင်ပင်ထားပြီးဖြစ်တဲ့ စစ်ဘေးရှောင်ပြည်သူများ နေရပ်ဒေသပြန်ရေးအတွက် ကျေးရွာ (၁၄) ခုအတွက် အမည်စာရင်းကောက်ခံမှုများ ပြုလုပ်ပြီး စစ်ဆေးခဲ့ကြပါတယ်။

လက်ရှိအချိန် စစ်ဆေးပြီးစီးနေပြီဖြစ်တဲ့ ကျေးရွာများကတော့ မိုးမောက်ဒေသမှ ကျေးရွာ (၆)ရွာ၊ မန်စီမှ ကျေးရွာတစ်ရွာ၊ ချီဖွေမှ ကျေးရွာ သုံးရွာ၊ မြစ်ကြီးနားမှ ကျေးရွာ (၃) ရွာနဲ့ ပူတာအိုမှ ကျေးရွာ တစ်ရွာ စုစုပေါင်း ကျေးရွာ (၁၄) ရွာဖြစ်ကာ အိမ်ထောင်စု (၅၀၀) ကျော်ရှိပါတယ်။

နေရပ်ပြန်ကြမည့် စစ်ဘေးရှောင်ပြည်သူများရဲ့ အချိန်ကြာလာတာနဲ့အမျှ အိုဟောင်းပျက်စီးသွားပြီဖြစ်တဲ့ နေအိမ်များကိုလည်း ပြန်လည်တည်ဆောက်ပေးသွားမှာဖြစ်ပြီး အခြားကိစ္စရပ်များကြောင့် နေရပ်မပြန်နိုင်ကြသူများကိုလည်း လက်ရှိနေထိုင်ရာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်စေပြီး လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့မှုတွေ ဆက်လက်ပြုလုပ်ပေးသွားဖို့ ဆွေးနွေးထားချက်များကို အကောင်အထည်ဖော်လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

“စစ်ဘေးရှောင်များကို အခုပြန်လို့ရနိုင်ပြီ အိမ်ဆောက်ပေးတာတွေလည်း ပြုလုပ်ပေးနေတယ် အစားအသောက်များလည်း အခက်အခဲဖြစ်နိုင်သေးတာကြောင့် ကူညီမှုတွေလည်း ဆက်လက်လုပ်ဆောင်သွားဖို့ အဆင်သင့်ပြင်ဆင်ထားတယ်” လို့ KHCC အဖွဲ့ဝင် ဆရာတော် ဒေါက်တာပီတာ ခါးအောင်တူး ကပြောပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ကာလကြာမြင့်လာတာကြောင့် မိမိနေရပ်ဒေသကို ပြန်လည်အခြေချသွားနိုင်ဖို့ စိတ်ဆန္ဒပြင်းနေပြီဖြစ်တာကြောင့် ချန်ထားရစ်ခဲ့တဲ့ မိမိမြေယာ လယ်ယာများကို ပြန်လည်အသုံးချသွားဖို့ စိတ်ဆုံးဖြတ်ထားကြဖို့ တိုက်တွန်းလိုကြောင်း ဆက်ပြောပါတယ်။

Dabak Yang ကျေးရွာမှာလည်း စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးအတွက် သက်ဆိုင်ရာအစိုးရနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်နေသလို မိမိနေရပ်ပြန်ဖို့ အမည်စာရင်းများကိုလည်း ပေးအပ်ထားပြီဖြစ်ကာ အိမ်ထောင်စု ၁၀၀၀ ကျော် စာရင်းပေးထားပါတယ်။

Leave a Reply

*