နိုင်ငံရေးဆိုင်ရာ ဟောပြောပွဲ လူငယ်များအတွက်ပြုလုပ်

မြစ်ကြီးနားမြို့ ဂျန်မိုင်ကုန်းရပ်ကွက်ရှိ လူငယ်များကို လက်ရှိဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုနဲ့သက်ဆိုင်ပြီး ကချင်လူငယ်များအနေဖြင့် အမျိုးသားရေးဆိုင်ရာတွင် ပါဝင်ရပ်တည်နိုင်သူတွေဖြစ်လာစေဖို့ ရည်ရွယ်ပြီး ဟောပြောပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့အချိန်အခါတွင် နိုင်ငံရေးဆိုင်ရာ ရှုပ်ထွေးမှုတွေမြောက်မြားစွာဖြစ်ပေါ်နေချိန်ဖြစ်တာကြောင့် လူငယ်များအနေဖြင့် ခံယူရမယ့်အရာများနဲ့ ကချင်လူငယ်တစ်ဦးအနေဖြင့် ရပ်တည်ရမည့်နေရာကို ရှင်းလင်းပြတ်သားစွာဖြင့် နားလည်သဘောပေါက် ရှုမြင်ဖို့ ရွေးချယ်တတ်ဖို့ ဖြစ်တယ်လို့ စီစဉ်သူတစ်ဦးကပြောပါတယ်။

“အခု ပြောင်းလဲမှုတွေဖြစ်ပေါ်နေချိန် အချို့သူများသွားနေတဲ့ လမ်းကြောင်းဘက်ကို ဦးတည်သွားနေပြီးတော့ မိမိလူမျိုးလွတ်မြောက်ရေးတွက် မိမိရပ်တည်နေတဲ့နေရာကို ကောင်းမွန်စွာသိရှိနားလည်ခြင်းမရှိရင် ကချင်လူမျိုးများရဲ့ လွတ်မြောက်ရေးမှာ နောက်ကောက်ကျကျန်နေမှာဖြစ်တာကြောင့် လူငယ်တစ်ဦးအနေဖြင့် မိမိတတ်မြောက်တဲ့အရာနဲ့ အမျိုးသားရေးလုပ်ငန်းမှာ ပါဝင်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်” လူငယ်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရေးအခြေအနေအရ စစ်အာဏာရှင်စနစ်ကို အမြစ်ပျက်ချေမှုန်းနိုင်ဖို့ အကြမ်းမဖက်တဲ့နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်နေကြသလို နိုင်ငံဝန်ထမ်းများအနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြင့် ပါဝင်နေကြပေမယ့် မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များကတော့ ပူးပေါင်းပါဝင်ခြင်း မရှိသလောက်ဖြစ်နေတာကို တွေ့မြင်နေရတာပါ။

“မိမိဒေသအတွင်း ငြိမ်းချမ်းစွာဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကန့်ကွက်မှုတွေပြုပေမယ့် မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ခြင်းမရှိတော့တာကြောင့် မိမိဒေသနယ်မြေကို ကာကွယ်ဖို့အတွက် ယုံကြည်အားကိုးထိုက်တဲ့အဖွဲ့အစည်းများနဲ့ ဆက်သွယ်ပြီး တမျိုးသားလုံးလွတ်မြောက်ရေးအတွက် တော်လှန်ရေးခရီးမှာ ပါဝင်ရပ်တည်ရမှာဖြစ်ပါတယ်” လို့ ဟောပြောပွဲတတ်ရောက်သူ လူငယ်တစ်ဦးကလည်း သူ့အမြင်ကို ပြောပါတယ်။

ဒီဟောပြောပွဲမှာတော့ ဒေသတွင်းရှိ လူငယ်ခေါင်းဆောင်များ ဦးဆောင်ပြီး “ပြောင်းလဲနေတဲ့နိုင်ငံရေးနဲ့လူငယ်များ” ဆိုတဲ့ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ကာ လူငယ် ၁၀၀ ကျော် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ကချင်ပြည်နယ်တလွှား အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒထုတ်ဖော် သပိတ်မှောက်ခြင်းကို မျိုးဆက်သစ်လူငယ်များက အဓိကဦးဆောင်နေတာဖြစ်ပြီး ငြိမ်းချမ်းစွာနည်းလမ်းပေါင်းစုံထုတ်ဖော်နေကြပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်များက လူ့အခွင့်အရေးချိုးဖောက်မှုများစွာဖြင့် အကြမ်းဖက်နည်းလမ်းများအသုံးပြုကာ ဖြိုခွင်းမှုတွေနဲ့အတူ လူငယ်များအသက်ဆုံးပါးသွားရတဲ့အထိ ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။

Leave a Reply

*