ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ ကချင်ပြည်နယ်ဒေသခံ ၉၃ ဦးဟာ ဇွန်လ ၃ ရက်နေ့မှာ ကချင်ပြည်နယ်ကိုပြန်လည် ရောက်ရှိလာတယ်လို့ ကချင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးကွန်ယက်အဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံမှ ရောက်ရှိလာတဲ့ ကချင်ပြည်နယ်ကအလုပ်သမားများဟာ မြန်မာအစိုးရနဲ့ချိတ်ဆက်ပြီး ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကာ လက်ရှိချိန်မှာတော့ ကိုယ့်ဒေသရှိ အသွားအလာစောင့်ကြည့်ရေးနေရာများသို့ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးဖို့ ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ “ဝိုင်းမော်ဘက်ကဆိုရင် ဝိုင်းမော်ကိုပို့ပြီး၊ မြစ်ကြီးနားဆိုရင်တော့ ဒီက စောင့်ကြည့်ရေးစင်တာတွေကို ပို့ဆောင်ပေးပါတယ်” လို့ ကချင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးကွန်ယက်မှာ ပါဝင်နေတဲ့ ဆရာလရှားပေါလုက ဆိုပါတယ်။ လက်ရှိ ထိုင်းနိုင်ငံကနေ ပြန်ရောက်လာသူများဟာ ကချင်ပြည်နယ်မဝင်ခင် ထိုင်းမြန်မာနယ်စပ်မှာ ကျန်းမာရေးစောင့်ကြည့်မှုတွေ ခံယူခဲ့တာကြောင့် သူတို့ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ထူးခြားမှုမရှိကြောင်းသိရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လုပ်ငန်းခွင်ရပ်နားထားလိုက်ရတာကြောင့် နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် အစိုးရနဲ့ချိန်ဆက်ပြီး အမိမြေပြန်လည်ရောက်ရှိလာသူများရှိသလို ရောက်ရှိနေတဲ့နိုင်ငံရပ်ခြားမှာ ပိတ်မိနေသူတွေလည်း များစွာရှိနေပါသေးတယ်။