နယ်စပ်ရှိ စစ်ဘေးရှောင်များကို တရုတ်အာဏာပိုင်များက မောင်းထုတ်နေ

မုံးကိုးဒေသတွင် တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် နယ်စပ်အနီးတဝိုက်ဘက် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူများကို တရုတ်အာဏာပိုင်များက နယ်စပ်တဝိုက် နေထိုင်ခြင်းမပြုလုပ်ဖို့ ပြောဆိုလာခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများက စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် နေရပ်အတင်းပြန်နေကြရကြောင်း သိရပါတယ်။

တရုတ်အာဏာပိုင်များက စစ်ဘေးရှောင်များက ချောင်းအနီးဝန်းကျင်ဘက် နေထိုင်ခြင်းမပြုစေလိုနေတာကြောင့် စစ်ရှောင်ပြည်သူများကို မောင်းထုတ်နေပြီး ချောင်းရေကာတာလုပ်ပြီး ရေဖောက်ချခြင်းတွေလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

“ဖော်ဂျွန်ပါ၊ ရွာသစ်နဲ့ ကောင်တပ်ဘက်ကနေ တိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေကို တရုတ်အာဏာပိုင်များက နယ်စပ်ချောင်းအနီးမှာ နေထိုင်ခြင်းမပြုလုပ်ဖို့ မောင်းထုတ်တယ်၊ အချို့ကတော့ နေရပ်ပြန်ကြတယ်၊ ကျန်နေသေးသူများလည်း ရှိသေးတယ်၊ တရုတ်အစိုးရက မနေခိုင်းချင်တာပေါ့၊ နယ်စပ်မှာ လာနေတာကို မကြိုက်တာကြောင့် ရေလမ်းကြောင်း၊ ရေကာတာတွေ လာဖွင့်ချတာတွေ လုပ်လေ့ရှိတယ်ဗျာ” လို့ စစ်ရှောင်ပြည်သူ တစ်ဦးကပြောပါတယ်။

တရုတ်အာဏာပိုင်များရဲ့ မောင်းထုတ်ခြင်းခံနေရတဲ့ စစ်ရှောင်ပြည်သူများက အောက်တိုဘာ ၁၂ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီတပ်မှ ကျေးရွာဘက် လက်နက်ကြီးများ ပစ်ခတ်တာကြောင့် တရုတ်-မြန်မာနယ်စပ်ဘက် မိုးကာတဲများ ပြုလုပ်ပြီး တိမ်းရှောင်နေကြရသူတွေ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်း ၇ နာရီခန့်တွင်လည်း စစ်ကောင်စီရဲ့ မုံးကိုးဗျူဟာကုန်းကို ကိုးကန့်တပ်မတော်မှ လာရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒေသခံပြည်သူအချို့ စိုးရိမ်ခြင်းကြောင့် နယ်စပ်ချောင်းနဘေးဘက် တိမ်းရှောင်ခဲ့ကြရပါတယ်။

Leave a Reply

*