ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နဲ့ နယ်စပ်တဝိုက်ရှိ ကျေးရွာ၊ ရပ်ကွက်နဲ့ စစ်ဘေးရှောင်စခန်းများတွင် ဇူလိုင် ၂၈ ရက်နေ့ကစတင်ပြီး အချိန်တိုအတွင်း ကိုဗစ်-၁၉ ရောဂါစစ်ဆေးရှာဖွေမှုတွေ လုပ်ဆောင်နေကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီထံမှ သိရပါတယ်။

ဇူလိုင် ၂၆ ရက်နေ့က ဂျဲယန်စစ်ဘေးရှောင်စခန်းရှိ ပြည်သူတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှာဖွေတွေ့ရှိခဲ့တာကြောင့် ဝေကြိုင်စစ်ဘေးရှောင်စခန်းကနေ ဒွန်ဘုံးစစ်ဘေးရှောင်စခန်းအထိ နယ်စပ်အနီးရှိ ပြည်သူများကို ပိုးရှိမရှိစစ်ဆေးဖို့ ညွန်ကြားချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကိုဗစ်ရောဂါရှာဖွေခြင်းလုပ်ငန်းကို အသွားအလာကန့်သတ်ခြင်း၊ နေအိမ်တွင်သာနေထိုင်ခြင်းစတဲ့ပုံစံများပြုလုပ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးကော်မတီများကလည်း ပြည်သူများလိုအပ်ချက်ရှိလာမည့် အစားအသောက်အခက်အခဲနဲ့ သွားလာရေးများကို စီမံဆောင်ရွက်မှာဖြစ်ပြီး ရောဂါပိုးစစ်ဆေးသူများနဲ့အတူ ပူးတွဲပြီးလည်း ပိုးရှိမရှိစစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။
ဝေကြိုင်စစ်ဘေးရှောင်စခန်းကိုလည်း ဇူလိုင် ၂၇ ရက်နေ့ကစတင်ပြီး ရပ်ကွက်အလိုက် ပိုးရှိမရှိစစ်ဆေးမှုတွေကို စတင်နေပြီဖြစ်ပါတယ်။