ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသ ဘန်ဆိုင်းကျေးရွာနဲ့ နမ့်ဟူကျေးရွာအထက်တွင် ယနေ့ ဇူလိုင် ၂၁ ရက်နေ့ နေ့လည် ၁၁ နာရီကနေ ၁၂ နာရီဝန်းကျင်ထိ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်(MNDAA) ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ် ခမရ (၃၁၅)နဲ့ ခလရ (၂၉) ပူးပေါင်းအဖွဲ့က နမ့်ဟူကျေးရွာအထက် တောင်ပေါ်တွင် တပ်စွဲနေရာယူနေတာကြောင့် ကိုးကန့်တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကာ ၁၁ နာရီခွဲလောက် ပစ်ခတ်သံများ ရပ်စဲသွားပြီးနောက် လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။
“နေ့လည် ၁၁ နာရီကနေ ၁၁ နာရီ ၂၀ မိနစ်လောက်အထိ၊ နမ့်ဟူကျေးရွာအထက်မှာ စစ်ကောင်စီက အင်အား (၆၀) လောက်နဲ့ တပ်စွဲနေရာယူနေတာ ကိုးကန့်တပ်မတော်က သွားတိုက်တာ အဲ့ဒီစစ်တပ်က ဇူလိုင် ၂၀ ရက်နေ့ကပဲ ရောက်လာပြီး ခဏလာနားပြီး နေရာယူနေတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဇူလိုင် ၂၀ ရက်နေ့ ညနေ ၉ နာရီအချိန်တွင် ကောင်ဝှေလမ်းဆုံတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက ပြည်သူ့စစ်ကားများဖြင့် စစ်လက်နက်ခဲယမ်းများ၊ စစ်အင်အားများဖြည့်တင်းဖို့ သွားရောက်စဉ် ကိုးကန့်တပ်မတော်မှ ကြားဖြတ်တိုက်ခိုက်လိုက်ရာ စစ်ကောင်စီကား ပျက်စီးသွား အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။