ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ဖတ်ကာမြို့အရှေ့ပိုင်းနဲ့ နာဖိုင်ကျေးရွာကနေ ဖြတ်သန်းပြီး တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ရထားလမ်းကိုတည်ဆောက်သွားဖို့ ရှိနေတာကြောင့် ဒေသခံများ နေအိမ်၊ လယ်ယာမြေများထိခိုက် ဆုံးရှုံးလာရမည်ကို စိုးရိမ်နေကြရပါတယ်။
မြန်မာအစိုးရအနေဖြင့် ရထားလမ်းအတွက် တိုင်တာမှုတွေကို ၂၀၁၅-၂၀၁၆ ခုနှစ်တွေတုန်းက ပြုလုပ်ခဲ့မှုတွေရှိကာ အကြောင်းအရာအချို့ကြောင့် လုပ်ငန်းရပ်ဆိုင်းထားမှုတွေ ရှိပေမယ့် ၂၀၂၅ ခုနှစ်အပြီးလုပ်ဆောင်သွားဖို့ စီမံကိန်းရှိနေတာကြောင့် ရထမ်းလမ်းတည်ဆောက်ဖို့ ပြင်ဆင်မှုတွေလည်း ရှိနေကြောင်း ဒေသခံများကပြောဆိုကြပါတယ်။
“ကျေးရွာအတွင်းကနေ ရထားလမ်းတည်ဆောက်လာရင် ရထားလမ်းရဲ့ ဘေးနှစ်ဖက် ၂ မိုင်စီနေရာယူမှာဖြစ်တယ်လို့ လူကြီးတွေကပြောကြတယ်၊ အဲ့လိုသာဆိုရင် ကျေးရွာလည်း ဖယ်ပေးရမယ့်ကိန်းဆိုက်နေတယ်၊ ပြီးတော့ ကျတော်တို့ရဲ့ စိုက်ပျိုးနယ်မြေတွေ၊ အိမ်တွေကို ထိခိုက်လာမှာဆိုတော့ ဒေသခံတွေက စိုးရိမ်နေကြတယ်” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဆရာခမ်းဒါ့ ဂျာဒီးကပြောပါတယ်။
ယခုလိုစီမံကိန်းကြီးရှိလာတာကြောင့် ထိခိုက်နိုင်တဲ့နေရာများ တန်ဖိုးဖြတ်ပေးစေနိုင်ဖို့ ကေအိုင်အေ တပ်ရင်း (၉) နယ်မြေရှိ အုပ်ချုပ်သူများက စိုက်ပျိုးနေရာများနဲ့ နေအိမ်ပုံစံများကို ရေးဆွဲပြီး အသိအမှတ်ပြုလုပ်ဆောင်မှုတွေရှိနေပေမယ့် ဒေသခံတွေကတော့ အသက်မွေးဝမ်းကျောင်းအတွက် ဆုံးရှုံးနစ်နာမှုတွေ ဆက်ရှိနေအုံးမှာဖြစ်တာကြောင့် ရထမ်းလမ်းဖောက်စီမံကိန်းကို သဘောမတူပဲ ရှိနေပါတယ်။