နမ္မတီးမြို့ လမ်းခွကျေးရွာ ပတ်ဂျီဆန်အဖွဲ့ ကျေးရွာလုံခြုံရေးလုပ်ဆောင်

နမ္မတီးမြို့ လမ်းခွကျေးရွာရှိ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့မှ မိမိကျေးရွာအတွင်းရှိ ပြည်သူများ လုံခြုံမှုရှိစေရေးအတွက် တာဝန်ယူဆောင်ရွက်နေပြီဖြစ်ကြောင်း ပတ်ဂျီဆန်ကော်မတီထံမှ သိရပါတယ်။

လမ်းခွကျေးရွာ ပတ်ဂျီဆန်အဖွဲ့မှ ကျေးရွာတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများ ပုံမှန်မလုပ်ဆောင်နိုင်ပေမယ့် အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး ကျေးရွာတွင်းပြည်သူများ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေး၊ ခိုးဆိုးလုနှိုက်ရန်များမှကာကွယ်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေးသဖွယ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

“အခြေအနေပေါ်မူတည်ပြီးတော့ ကျေးရွာအတွင်း လှည့်ပတ်သွားလာတာ လုံခြုံရေးယူပေးတာတွေ လုပ်ဆောင်မယ်၊ ည ၉ နာရီကနေ ၁၁ နာရီဝန်းကျင်လောက်အထိ လုံခြုံရေးလည့်လည်တာတွေ ပြုလုပ်တဲ့သဘောပေါ့” လို့ လမ်းခွကျေးရွာ ပတ်ဂျီဆန်အဖွဲ့ခေါင်းဆောင် သိက္ခာတော်ရဆရာယော်ထုံ ကပြောပါတယ်။

ကျေးရွာတွင်းလုံခြုံရေးယူနေခြင်းကို လွန်ခဲ့သော ၄ လဝန်းကျင်ကတည်းကဖြစ်ပြီး ဒီတာဝန်များထမ်းဆောင်ရာတွင် လမ်ခွကျေးရွာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းဝင်တွေနဲ့ အယောက် ၂၀ ဝန်းကျင်ဖြင့် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ယခုလို ကျေးရွာလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရာတွင် လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုတွေရှိတဲ့အချိန်ကစတင်ပြီး ကျေးရွာအချို့တွင် ပတ်ဂျီဆန်အဖွဲ့ဝင်များက တာဝန်ယူတာတွေရှိသလို အချို့ကျေးရွာများမှာတော့ လူငယ်နဲ့လူကြီးများ ပူးပေါင်းပြီး မိမိကျေးရွာလုံခြုံရေး တာဝန်ယူဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။

Leave a Reply

*