နမ္မတီးမြို့အနီးရှိ ကျောက်တောင်တွင် ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ရှိ တပ်ရင်း (၁၁) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ယနေ့မနက် ၁၀ နာရီခွဲအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မြစ်ကြီးနားမြို့ကနေ အာဏာသိမ်းစစ်ကောင်စီတပ်များ စစ်ကား ၄ စီးဖြင့် တနိုင်း လီဒိုလမ်းပိုင်းဘက် စစ်အင်အားတိုးချဲ့ဖို့ သွားရောက်စဉ် ကေအိုင်အေတပ်ရင်း (၁၁) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။
“အကြာကြီးတိုက်ခိုက်မှုဖြစ်တာတော့မဟုတ်ဘူး မြစ်ကြီးနားဘက်ကနေတက်လာတဲ့ စစ်ကားကို တပ်ရင်း (၁၁) စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရတယ်၊ နမ္မတီးကထွက်လာရင် ရောက်တဲ့ ကျောက်တောင်မှာဖြစ်တာ အာဏာသိမ်းစစ်တပ်ရဲ့ ဘယ်တပ်ဖွဲ့လည်းတော့ မသိဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီကြားဖြတ်တိုက်ခိုက်မှုမှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ကား ၂ စီး ပျက်စီးသွားခဲ့သလို စစ်သားအချို့ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူအတိအကျတော့ မသိရှိရသေးကာ စုံစမ်းနေဆဲဖြစ်ကြောင်း ရှေ့တန်းရောက် ကေအိုင်အေစစ်သည်တစ်ဦးကပြောပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေ တိုးမြင့်လာတာကြောင့် အာဏာသိမ်းစစ်ကောင်စီဘက်မှ စစ်ကား အစီး (၄၀) လောက် အစားအသောက်၊ စက်ဆီနဲ့ လက်နက်ခဲယမ်းများတင်ဆောင်ပြီး ကချင်ပြည်နယ်ဘက်ကို လာရောက်နေကြောင်း သိရပါတယ်။
ကေအိုင်အေ တပ်မ (၉) တပ်ရင်း (၆) နေရာဖြစ်တဲ့ ကံဆီးကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ ဧပြီ ၃ ရက် ယနေ့မနက် ၁၀ နာရီဝန်းကျင်တွင် ကေအိုင်အေတပ်ရှိရာနေရာဘက်ကို လက်နက်ကြီးဖြင့် ၂ ကြိမ်တိုက်ပစ်ခတ်ခဲ့ပါသေးတယ်။
မတ်လကစတင်ပြီး ကချင်ပြည်နယ်တလွှား အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန် များပြားလာခြင်းကြောင့် စစ်ဘေးဒုက္ခသည်များကလည်း တိုးပွားလာကာ စစ်ဘေးရှောင်ပြည်သူများအတွက် နေရာဒေသအသီးသီးမှာ အကူအညီတွေလိုအပ်နေပါတယ်။