ဇန်နဝါရီ ၂၅ ရက်၊၂၀၂၃ ခုနှစ်။
ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးကျေးရွာတွင် ယနေ့ ဇန်နဝါရီ ၂၅ ရက် မနက် ၁၀ နာရီခွဲတွင် ကေအိုင်တပ်မဟာ ၄ တပ်ရင်း ၈ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မန်နောင်ကျေးရွာကနေ စစ်ကြောင်းထွက်လာတဲ့ အင်အား ၄၀ ပါ အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာစဉ် ကေအိုင်အေပူးပေါင်းတပ်မှ နမ့်ပါချီးကျေးရွာထိပ် ပါဂျူလမ်းဆုံတဝိုက် စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ၁၁ နာရီခန့်တွင် ကွတ်ခိုင် ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာဘက် လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်လက်ရှိနေခဲ့ကြောင်း သိရပါတယ်။
ယခုရက်ပိုင်းအတွင်း ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ဖားကန့်၊ စစ်ကိုင်းနယ်စပ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။