ကေအိုင်အိုအစိုးရရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီက ဦးဆောင်ပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေ ပြင်ပရှိပြည်သူများကို ကိုဗစ်-၁၉ ရောဂါရှိမရှိကို မိုင်ဆပ်ပါဂိတ်တွင် စစ်ဆေးပေးနေရာမှ ပြည်သူ ၄၄ ဦးတွင် ကိုဗစ်ကူးစက်ခံထားရကြောင်း ရှာဖွေနိုင်ခဲ့ပါတယ်။

ကိုဗစ်ပိုးရှိမရှိ လာရောက်စစ်ဆေးခံသူ ၈၈၆ ဦးရှိခဲ့ကာ ထိုထဲမှ ၄၄ ဦးတွင် ကိုဗစ်ပိုးရှိကြောင်း တွေ့ရှိရကာ နမ့်ဆန်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြပြီး အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။
ကိုဗစ်ကူးစက်ခံထားရသူများကို နမ့်ဆန်ကျေးရွာ စာသင်ကျောင်းတွင် ကိုဗစ်ပိုးရှိသူများကို ထားရှိပြီး ဆေးဝါးကုသပေးနေကာ အချို့ကိုတော့ နေအိမ်တွင်နေထိုင်ရေး အစီးအစဉ်ဖြင့် ကျန်းမာရေးစောင့်ကြည့် ကုသပေးနေကြောင်း ကျေးရွာကော်မတီဝင်တစ်ဦးကပြောပါတယ်။
“ကျတော်တို့ စာသင်ကျောင်းခန်းမမှာ ကုသမှုပေးနေပါတယ်။ ကျောင်းခန်းမမှာ ၂၁ ဦးရှိတယ် ကျန်တဲ့သူများကိုတော့ နေအိမ်တွေမှာပဲ Stay At Home ထားရှိပြီး ကျန်းမာရေးစောင့်ကြည့်မှုလုပ်နေပါတယ်” လို့သူကပြောပါတယ်။
ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပေးနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီမှ ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်ရေးပစ္စည်းများနဲ့ ဆေးဝါးများကို ကူညီပေးနေတာဖြစ်ပြီး ပိုးရှိမရှိစစ်ဆေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်ပေးနေဆဲဖြစ်ပါတယ်။
လက်ရှိတွင် ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါကင်းစင်ရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီမှ အားသွန်ခွန်စိုက်လုပ်ဆောင်နေကာ ပြည်သူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနဲ့ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခြင်းတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။