ဗန်းမော်ခရိုင်ရှိ ဒါ့ဂေါ်ကျေးရွာအောက်ပိုင်း နမ့်စိုင်းကျေးရွာတွင် အသက် ၁၄ နှစ်အရွယ်ကလေးငယ်တစ်ဦးကို အဲ့ဒီဒေသတွင်တပ်စွဲထားတဲ့ ခမရ (၃၂၀)အဖွဲ့က နွားကျောင်းနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားကာ ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကလေးငယ်ကို တနေ့လုံး ချုပ်နှောင်ထားကာ နွားအရောင်းအဝယ်ပြုသူတွေကို လိုက်လံပြသခိုင်းပြီး ရိုက်နှက်မှုတွေလည်း လုပ်ဆောင်ခဲ့ကြကာ ညအချိန်အရောက်မှာ ကလေးငယ်က ချည်ထားသောကြိုးကိုဖြုတ်ယူပြီး ကျေးရွာဘက် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
ထွက်မြောက်နေစဉ်တွင် တပ်မတော်သားများက အနောက်ဘက်ကနေ သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုတွေရှိပေမယ့် တစ်စုံတစ်ရာထိခိုက်မိခြင်းမရှိပဲ လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ကျတော်တို့ကျေးရွာက ကလေးငယ်တစ်ဦးကို တနေ့လုံးချည်နှောင်ထားပြီး ခေါ်ဆောင်သွားတာ၊ ရိုက်နှက်မှုတွေနဲ့ခေါ်သွားတော့ ကလေးက ကြောက်အားလန့်အားနဲ့ သူတို့စစ်သားတွေ အိပ်စက်နေချိန် ကြိုးကို ပါးစပ်နဲ့ဖြည်ယူပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာပါ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
ယခုလိုဖြစ်ပွားခဲ့မှုကြောင့် ခမရ (၃၂၀) တပ်ရှိ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးဆီ လာရောက်ပြီး ဖြစ်ရပ်အတွက် တောင်းပန်မှုတွေ ပြုလုပ်ခဲ့ကာ ကလေးငယ်ကို ငွေကြေးတစ်စုံတစ်ရာပေးအပ်မှုတွေရှိခဲ့ပေမယ့် ကလေးငယ်က လက်ခံခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒီဖြစ်ရပ်က လွန်ခဲ့သော နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယခုလိုဖြစ်ရပ်အတွက် ဒေသခံများက တရားမျှတစွာဖြေရှင်းပေးဖို့ ဆန္ဒရှိပေမယ့် ဒေသခံများက စစ်ဘေးရှောင်နေရတာကြောင့် အခက်တွေ့နေကြရပါတယ်။