ဖားကန့်မြို့နယ် ဂေါ်လုယန်နဲ့ ခရိုင်ယွန် အကြား ဦးကောင်း သစ်စက်ဟောင်းအနီးတွင် နိုဝင်ဘာ ၁၆ ရက် နေ့လည် ၁၂ နာရီခွဲခန့် တွင် အာဏာသိမ်း စစ်ကောင်စီတပ် ခမရ (၁၁၁) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၄၄) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်များက နန့်ယားကျေးရွာကနေ ယနေ့မနက်ပိုင်း ၂ နာရီကတည်းက စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး တောလမ်းကနေ ကေအိုင်အေ တပ်ရင်း (၆) နယ်မြေ နမ့်ဂျန်ဘက် ထိုးစစ်ဆင်လာစဉ် ကေအိုင်အေတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကာ မိနစ် ၃၀ ကြာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
အဆိုပါစစ်ကြောင်းက နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်း ၈ နာရီခွဲတွင် မအူပင် (ရေကာတာ) ဘက်ကနေ စစ်ရေးလှုပ်ရှားလာပြီး နန့်ယားတွင် ခရီးတခေါက်နားခဲ့တဲ့ အင်အား ၁၀၀ ပါစစ်ကြောင်း ဖြစ်ကြောင်း သိရပါတယ်။
ကေအိုင်အေ တပ်ရင်း (၆) နယ်မြေ နမ့်ဂျန်ဒေသတွင် နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား နေ့စဉ်နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီအုပ်စုက လက်နက်ကြီးများ၊ စစ်လေယာဉ်များအသုံးပြု ပစ်ကူတဲ့အထိ တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။