ဖားကန့်မြို့နယ်၊ ကံဆီးဒေသ၊ နမ့်ဂျန်ကျေးရွာအုပ်စု အောင်လဲန် သုသာန်အနီးတဝိုက်တွင် နိုဝင်ဘာ ၁၅ ရက် ယနေ့ညနေပိုင်း ၄ နာရီခွဲခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ အင်အား (၅၀) ပါစစ်ကြောင်းက ကေအိုင်အေတို့် တပ်စွဲအခြေချထားတဲ့ အောင်လဲန်ဘက် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) မှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှသိရပါတယ်။
နှစ်ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခြင်းက ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် ရပ်တန့်သွားပေမယ့် ကံဆီးကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာဘက် လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။
အောင်လဲန်တွင် နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား ယနေ့အချိန်ထိ နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတပ်က စစ်လေယာဉ်အသုံးပြုကာ တိုက်ခိုက်မှုတွေအထိ ပြုလုပ်ခဲ့ပါတယ်။
ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားမှုတွေ ထပ်တိုးလုပ်ဆောင်လာခြင်းကြောင့် ယနေ့ နေ့လည် ၈ နာရီခွဲခန့်တွင် မအူပင် (ရေကာတာ) ဘုန်းကြီးကျောင်းတဝိုက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ရှိအဖွဲ့က နန့်ယားကျေးရွာဘက် ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံပြည်သူများက စိုးရိမ်နေကြပါတယ်။