နမ့်ခမ်း ဘန်လုံစစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေး ဆွေးနွေးမှုပြုလုပ်

မုံးမောင်နယ်၊ နမ့်ခမ်း ဘန်လုံစစ်ဘေးရှောင်စခန်းနဲ့ နမ့်ခမ်းဂျော်တူးစစ်ဘေးရှောင်စခန်းရှိ ပြည်သူများအနေဖြင့် နေရပ်ဒေသကို ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၃ ရက်နေ့က စခန်းတွင်း တွေ့ဆုံဆွေးနွေးအဖြေရှာခဲ့ကြပါတယ်။

စစ်ဘေးရှောင်ပြည်သူများ ကိုယ်တိုင် မိမိနေရပ်ပြန်ဖို့ပြင်ဆင်လာတာဖြစ်တာကြောင့် ကုလသမဂ္ဂအကူအညီမရရှိပေမယ့် ကေဘီစီအဖွဲ့ချုပ်၊ ဇုံနယ်နဲ့ ဒေသအသင်းတော်များက ဦးဆောင်ပြီး ကူညီလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

နေရပ်ပြန်ကြချိန်တွင် ကေဘီစီအဖွဲ့ချုပ်နဲ့ ဇုံနယ်အနေဖြင့် ကူညီနိုင်တဲ့ဘက်ကနေ ငွေကြေးအပြင် အခြားသောအရာများဖြင့် ဆက်လက်ကူညီသွားဖို့ရှိနေကာ အသင်းတော်နဲ့ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများက နေအိမ်မရှိတော့တဲ့အိမ်ထောင်စုများအတွက် နေအိမ်ဝိုင်းဝန်းတည်ဆောက်ပေးခြင်းများစတဲ့အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးအတွက် အသင်းတော်အနေဖြင့် မြန်မာအစိုးရနဲ့ ကေအိုင်အိုအစိုးရ နှစ်ဖက်စလုံးကို ညှိနှိုင်းထားမှုတွေ လုပ်ဆောင်ထားပြီးဖြစ်ကာ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ကိုယ့်ရပ်ရွာဒေသပြန်နိုင်ပြီး ယခင်လုပ်ကိုင်စားသောက်နေတဲ့ လုပ်ငန်းများဖြင့် မိမိတိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်သွားကြဖို့ လိုလားနေကြပြီလို့ မုံးမောင်နယ် အတွင်းရေးမှူး သိက္ခာတော်ရဆရာ လဖိုင်ဇော်ရာကပြောပါတယ်။

“အခုပြန်ကြမယ့် ရွာ ၅ ရွာကတော့ မြန်မာစစ်တပ်တွေမရှိတော့ဘူး၊ အခြားတပ်တွေလည်းမရှိတော့ဘူး ရှမ်းပြည်မြောက်ပိုင်းဖြစ်ပေမယ့် စစ်တပ်တွေ ဝင်ထွက်သွားလာတာတွေမရှိတာကြောင့် လုံခြုံတဲ့နေရာဖြစ်နေပြီလို့ မြင်မိတယ်၊ အဲ့ဒါကြောင့် ဒေသခံများလုပ်ကိုင်စားသောက်ပြီး ကြီးပွားတိုးတက်ရေးကို လိုလားနေကြတာပါ။ အိမ်ပြန်လို့ရနိုင်တဲ့ဒေသအပေါ်မူတည်ပြီး စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ပြီး စွန့်ပစ်ထားခဲ့ရတဲ့ကိုယ့်ရဲ့နေရာကို ပြန်လည်ပိုင်ဆိုင်ပြီး လုပ်ကိုင်စားသောက် ရှေ့ဆက်သွားဖို့ ပိုသင့်တော်လာတာပေါ့” လို့ ဆရာကပြောပါတယ်။

နေရပ်ပြန်ရေးကို အဖွဲ့ ၂ ခုအဖြစ်လုပ်ဆောင်ကာ နံပါတ်တစ်ကျရောက်သူများကတော့ ဖေဖော်ဝါရီလတွင် ပြန်မည်ဖြစ်ပြီး ကျန်တစ်ဖွဲ့ကတော့ ဧပြီလတွင် နေရပ်ပြန်ကြဖို့ စီစဉ်ထားကြကာ လက်ရှိစစ်ဘေးရှောင်ပြည်သူများက ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေကနေ စစ်ဘေးရှောင်ထွက်ပြေးလာခဲ့သူများဖြစ်ပြီး စစ်ဘေးရှောင်စခန်းနှစ်ခုတွင် အိမ်ထောင်စု ၂၀၀ ကျော်ဖြင့် ခိုလှုံနေကြရတာဖြစ်ပါတယ်။

Leave a Reply

*